နိုင်ငံတော်၏စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့်ဝသော အလယ်အလတ်အဆင့် စက်မှုနည်းပညာရှင်များ မွေးထုတ်ရန်လိုအပ်


Date : 22 October, 2012

IMG_98288

အလယ်အလတ်အဆင့် စက်မှုနည်းပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများသည် နိုင်ငံတော်၏ စက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် နည်းပညာ ကျွမ်းကျင်သူများအား အရေအတွက်သာမက နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့်ဝစေရန် လိုအပ်ကြောင်းကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့၌ နေပြည်တော်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် စစ်ဆေးစဉ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး လမ်းညွှန်ပြောကြားခဲ့ပါသည်။
ခေတ္တကျောင်းအုပ်ကြီးမှ လက်ရှိဖွင့်လှစ်ထားသော သင်တန်းများ၊ သင်တန်းနှစ် အလိုက် တက်ရောက်နေသော သင်တန်းသား ဦးရေစာရင်းများနှင့် သင်ကြားရေးနှင့် စီမံခန့်ခွဲရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြချက်များအပေါ် အချိန်နှင့်အမျှ တိုးတက် ပြောင်းလဲလျှက်ရှိသော နည်းပညာများကို ရင်ဘောင်တန်းနိုင်ရန်အတွက် ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အရည်အသွေး မြင့်မားစေရန် စေတနာအပြည့်ဖြင့် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ ထိုပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များအား ဆောင်ရွက်လျက်ရှိကြောင်းနှင့် သင်ကြားရေး အထောက်အကူပြု စက်ပစ္စည်းကိရိယာများကိုလည်း ခေတ်မီပြည့်စုံစေရန် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရနည်းပညာ အထက်တန်း ကျောင်းရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများတွင် သင်တန်းသား၊ သင်တန်းသူ များ၏ လက်တွေ့လုပ်ဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုသင်တန်း ကျောင်း (နေပြည်တော်)သို့ ရောက်ရှိပြီး အင်္ဂလိပ်ဘာသာသည် နိုင်ငံတကာသုံးဘာသာရပ်အဖြစ် နိုင်ငံအများစု တွင် အသုံးပြုနေခြင်းကြောင့် မိမိတို့အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆို တတ်မြောက်နိုင်ရန် လိုအပ်ကြောင်း၊ ဤအင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းကျောင်းသည် နေပြည်တော်အတွင်းရှိ ဝန်ထမ်းများနှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက်ပါ ရည်ရွယ်ဖွင့်လှစ်ထား ပါကြောင်း၊ လက်ရှိသင်ကြားပေးနိုင်မှုစွမ်းရည်ကို လျော့ကျခြင်းမရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်ကြားမှုတွင် အရည်အသွေးအရနှင့် အရည်အချင်းအရပါ တိုးမြှင့်ဆောင်ရွက် နိုင်မည့် အဆင့်မြင့်သင်ကြားနည်းစနစ်များကို အစဥ်လေ့လာနေရန် လိုအပ်ကြောင်း၊ သင်ကြားရေး အတွက်လိုအပ်သည့် စာအုပ်စာတမ်းများနှင့် multimedia သင်ထောက်ကူပစ္စည်းများကို ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.