ပြုပြင်ပြောင်းလဲမှုများအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး


Date : 27 April, 2013

IMG_9343

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ယမန်နေ့ မွန်းတဲ့ ၁၂ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများသည် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များနှင့်အညီ တက္ကသိုလ်များ နိုင်ငံတကာအဆင့်မီစေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်တွင် ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုများနှင့်အညီ အတွေးအခေါ်၊ အယူအဆနှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို ပြုပြင်ပြောင်းလဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိနိုင်ငံ အတွက် လိုအပ်လျက်ရှိသော အင်ဂျင်နီယာနှင့် ကျွမ်းကျင်သူများ ရရှိစေရေးအတွက် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ကျောင်းများမှ အရည်အသွေးပြည့်မီစွာ အမှန်တကယ် လေ့ကျင့် သင်ကြားပေးနိုင်သည့် အရေအတွက်အား သေချာစွာတွက်ချက်၍ မွေးထုတ်ပေးကြရန် လိုအပ်ကြောင်း၊ ကျောင်းအလိုက် အမှန်တကယ်လိုအပ်သည့် ဆရာ၊ ဆရာမ၊ အဆောက်အဦနှင့် စက်ပစ္စည်းများကို နှစ်အလိုက် စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် တင်ပြကြရန် ဖြစ်ကြောင်း။
ဆရာ၊ ဆရာမများ အရည်အချင်းမြှင့်တင်ရေးအတွက် နိုင်ငံတော်မှ နိုင်ငံခြားသို့ သင်တန်းများ ပိုမိုစေလွှတ်ရေး ဆောင်ရွက်ပေးနေသကဲ့သို့ သက်ဆိုင်ရာ ကျောင်းများ အလိုက်လည်း အဆင့်ဆင့်သင်ကြားပေးခြင်း၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲများ အလှည့်ကျ ပြုလုပ်စေခြင်းဖြင့် သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်မှုရှိစေရန်နှင့် သုတေသနများကိုလည်း ဆောင်ရွက်နိုင်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း။
နိုင်ငံတကာ တက္ကသိုလ်များနည်းတူ မိမိတို့ ကျောင်းအလိုက် လက်တွေ့လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန်၊ ကျောင်းသား၊ ကျောင်းသူများအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သည့် သင်ကြားမှု၊ သင်ယူမှု ပတ်ဝန်းကျင်များရှိစေရန် ဆရာ၊ ဆရာမများမှ လုပ်ဆောင် ကြရန်ဖြစ်ကြောင်း၊ ကျောင်းများတွင် Resource Centre များထားရှိပြီး ကွန်ပျူတာ၊ Internet နှင့် e-Library များ အသုံးပြုနိုင်ရေး စီစဉ်ထားရှိကြရန်၊ သတင်း အချက်အလက်နှင့် နည်းပညာရပ်များကို မိမိတို့ကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှုလုပ်ငန်း များတွင် အသုံးပြုနိုင်ရေး လုပ်ဆောင်သွားကြရန်နှင့် ကျောင်းသားများအား အင်္ဂလိပ်စာကျွမ်းကျင် စေရေး၊ အသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှု၊ သုတေသနလုပ်ဆောင်နိုင်မှု အဆင့်များ ထိရောက်မှု ရှိစေအောင် ရည်မှန်းချက်ထား၍ သင်ကြားလေ့ကျင့်ပေးရန်ဖြစ်ကြောင်း၊ ကျောင်းသားများကို လေ့ကျင့်သင်ကြားရာတွင် How to learn၊ How to take and Initiative တို့ကို သိရှိအောင် အဓိက သင်ကြားရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။
ထို့နောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနနှင့် စက်မှုနှင့်သက်မွေးပညာဦးစီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များကတက္ကသိုလ်များတွင် ပညာသင်နှစ်အလိုက် သင်ကြားနေမှု၊ လက်တွေ့ လုပ်ဆောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် တက္ကသိုလ်များ၏ သင်ကြားရေး၊ လက်တွေ့ ပစ္စည်းများနှင့် အခြားလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ဖြည့်ဆည်း ပေးနိုင်မှုများကို နှစ်အလိုက် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.