အရည်အသွေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သော ဥပဒေများပြဌာန်းရေးနှင့် အကောင်အထည်ဖော်ရေး ညှိနှိုင်းစည်းဝေး


Date : 14 June, 2013

IMG_0035

နိုင်ငံတော်၌ ထုတ်လုပ်သည့် ပစ္စည်းများသည် အရည်အသွေးပြည့်မီမှုရှိရန် လိုအပ်ကြောင်း၊ အရည်အသွေးပြည့်မီသော ပစ္စည်းများထုတ်လုပ်နိုင်မှသာ IMG_0652အာဆီယံ Integration ပြုလုပ်သည့်အခါတွင် နိုင်ငံတကာသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၌ရှိသည့် ပစ္စည်းများ အရည်အသွေးတိုး တက်စေရန်အတွက် စံချိန်စံညွှန်းဥပဒေ လိုအပ်ကြောင်း၊ နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများမှာ စံချိန်စံညွှန်းမပြည့်မီလျှင် သုံးစွဲသူ ပြည်သူများအနေဖြင့် အန္တရာယ်ရှိနိုင်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး အရည်အသွေးပြည့်မီသော စံချိန်စံညွှန်းပစ္စည်းများကို အသုံးပြု နိုင်ရန် နိုင်ငံတော်တွင် စံချိန်စံညွှန်းများရှိရန်လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ စံချိန်စံညွှန်း ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးသည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေနှင့် တိကျတိုင်းတာမှုနည်းပညာဥပဒေများပြဌာန်းရေးနှင့် စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီများဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လုပ်ငန်းနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စံချိန်စံညွှန်းဥပဒေ ပြဌာန်းနိုင်ရေးအတွက် ယခင် အစည်းအဝေး (၄) ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုအစည်းအဝေးများအပေါ် သက်ဆိုင်ရာ ဌာနအသီးသီးနှင့် အဖွဲ့အစည်းများမှ အပြီးသတ် သဘောထားမှတ်ချက်များ ပေးပို့ထားရှိမှုများ အပေါ် ထည့်သွင်းပြင်ဆင်မှုများ ပြုလုပ်၍ ရှေ့နေချုပ်ရုံးသို့တင်ပြပြီး လိုအပ်သောညှိနှိုင်း ပြင်ဆင်မှုများပြုလုပ်ကာ နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက် တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့နောက် နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့၏ သဘောထားမှတ်ချက်များအရ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခု အချိန်တွင် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေနှင့် တိကျတိုင်းတာမှု နည်းပညာ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ တစ်ချိန်တည်းမှာပင် ထိုဥပဒေများ ပြဌာန်းပြီးသည်နှင့် အကောင်အထည်ဖော်နိုင်မည့် အစီအစဉ်များ ကြိုတင်ပြုလုပ်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥပဒေများပြဌာန်းနိုင်ရေးပြင်ဆင်ထားရှိမှု၊ အကြံပြုချက်များအား ညှိနှိုင်းဆောင်ရွက် ထားရှိမှုနှင့် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဥပဒေပြဌာန်းနိုင်ရေးအတွက် ဖြည့်စွက်ရန်လိုအပ်ချက်များ၊ ပြင်ဆင်သင့်သည် များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.