တရုတ်-အာဆီယံ၊ နည်းပညာဖလှယ်ရေးနှင့်တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်


Date : 3 September, 2013

1

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ Guangxi Wharton International Hotel တွင် စက်တင်ဘာလ ၃ ရက်နေ့၌ ကျင်းပသော တရုတ်-အာဆီယံ၊ နည်းပညာဖလှယ်ရေးနှင့် တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (The Forum on China-ASEAN Technology Transfer and Collaborative Innovation) သို့ တက်ရောက်ခဲ့ပါသည်။

            အဆိုပါဖိုရမ်၌ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် တရုတ်-အာဆီယံ နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များသည် တရုတ်နှင့်အာဆီယံနိုင်ငံများအတွက် လွန်စွာအရေးပါကြောင်း၊ နည်းပညာနှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများသည် သုတေသန အဖွဲ့အစည်းများနှင့် သုတေသနလုပ်ငန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုကို ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ပညာရေး အရည်အသွေးကို မြှင့်တင်ရာတွင် လွန်စွာလိုအပ်သည့်အတွက် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် နည်းပညာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လို ပါကြောင်း၊ နိုင်ငံတော်နှင့် ဒေသတွင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာ မဟာဗျူဟာများနှင့် လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးသည် လွန်စွာ အရေးပါသဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံကြွယ်ဝမှု၊ ကျွမ်းကျင်မှုနှင့် အဆင့်မြင့်နည်းပညာများကို မျှဝေပေးမှုမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံအကြားပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းပြည်သူလူထုများ၏ လူနေမှုဘဝနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ မြန်မာ-တရုတ် သိပ္ပံနှင့်နည်းပညာပူးတွဲ စမ်းသပ်ခန်းထူထောင်ရေး၊ ဂြိုလ်တုမှရရှိသည့် အချက် အလက်များ ခွဲဝေသုံးစွဲရေးနှင့် လုပ်ငန်းသုံးပရိုဂရမ်များ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ မှထူးချွန်လူငယ် သိပ္ပံပညာရှင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့စေလွှတ်၍ သုတေသန ပြုလုပ်ငန်းဆောင်ရွက်ရေး၊ China-ASEAN Technology Transfer Center ရုံးခွဲအား မြန်မာနိုင်ငံ၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားကြရန်နှင့် မြန်မာနိုင်ငံ ၌ ဆောင်ရွက်လျက်ရှိသော သိပ္ပံနှင့်နည်းပညာဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြား ခဲ့ပါသည်။

            ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး H.E. Dr. WAN Gang နှင့်အတူ အာဆီယံနိုင်ငံများ၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး တရုတ်နှင့် အာဆီယံ နိုင်ငံများကြား သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများအား သက်ဆိုင်ရာ ကုမ္ပဏီများမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

            အဆိုပါခရီးစဥ်အတွင်း ခေတ္တတည်းခိုသော ဟိုတယ်တွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးနှင့် နှစ်နိုင်ငံကြား သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မိမိတို့နှစ်နိုင်ငံကြား စံချိန် စံညွှန်း အပြန်အလှန် အသိအမှတ်ပြုမှု အစီအစဥ်များကို ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် Pura Pharm Coorperation စက်ရုံတွင် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ပုံ နည်းစဥ်အားလည်းကောင်း၊ Guangxi Leader Digital Technology Co., Ltd. တွင် Digital Hardware နှင့် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ် တပ်ဆင် နေမှုများအား သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.