တိကျတိုင်းတာမှု နည်းပညာဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းစည်းဝေး


Date : 27 September, 2013

IMG_1000

နိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် အရင်းအနှီးနှင့် နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်တို့ ပြည့်စုံလုံလောက်မှု မရှိသေးမီ ကာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု များကို မလွဲမသွေ ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကြောင့် မိမိနိုင်ငံသားများ အကျိုးစီးပွားကို မထိခိုက်စေရန်အတွက် ကာကွယ်ရန်လိုအပ်ကြောင်း၊ ယခုအခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်စပြုနေပြီဖြစ်ရာ ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ထိခိုက်နစ်နာမှုမရှိအောင်၊ ယဉ်ပြိုင်မှု စွမ်းအားများ မြင့်မားတိုးတက်လာအောင်၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ထုတ်လုပ်မှုစွမ်းအားများ တိုးတက်လာအောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၎င်းအပြင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ စီးဝင်လာမည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား စျေးကွက်ယှဉ်ပြိုင်နိုင် စွမ်းရှိအောင် အားပေးမြှင့်တင်ရန် လိုအပ်ကြောင်းဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးသည် စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာနရုံး၌ ကျင်းပသော တိကျတိုင်းတာမှု နည်းပညာဥပဒေ(မူကြမ်း) အတည်ပြုပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုအကြိမ် ပြည်သူ့လွှတ်တောအစည်း အဝေး စတင်ချိန်တွင် စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာဥပဒေ(မူကြမ်း)ကို ဆွေးနွေး အတည်ပြုနိုင်ရန် ရည်မှန်းထားပါကြောင်း၊ တိကျတိုင်းတာမှု နည်းပညာဥပဒေအား ပြဋ္ဌာန်းနိုင်မည်ဆိုပါက ပြည်သူလူထုနှင့် နိုင်ငံတော် စီးပွားရေးအတွက် နိုင်ငံတကာ အတိုင်းအတာယူနစ်များနှင့် တစ်ပြေးညီဖြစ်စေရေး၊ ကုန်သွယ် မှုညီမျှစေရေး၊ ထုတ်ကုန်အရည်အသွေးများ တိုးမြှင့်စေရေး၊ အခွန်အကောက်များ မှန်ကန်စွာ ကောက်ခံရရှိစေရေးတို့ကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခု ဥပဒေကြောင့် အကျိုးကျေးဇူးရရှိမည့် သက်ဆိုင်သော လုပ်ငန်းနယ်ပယ်၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ များပြားသောကြောင့် အရည်အသွေးနှင့် ပတ်သက်သော လုပ်ငန်းများတွင် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားရန် လိုအပ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ဥပဒေအကောင် အထည်ဖော်ရန်အတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် နိုင်ငံတကာနှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့် အမျိုးသားအဆင့် တိကျတိုင်းတာမှု သိပ္ပံဌာနတစ်ခုကို ထည်ထောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသိပ္ပံဌာနဓာတ်ခွဲခန်း ကြီးသည် နိုင်ငံတကာ အတိုင်းအတာ နှင့်ညီအောင် အမျိုးသားစံများ စတင်ဖြည့်တင်းခြင်းနှင့် ဓာတ်ခွဲခန်း၏ Calibration ရလဒ်များကို နိုင်ငံတကာနှင့်ညီအောင် စွမ်းဆောင်ပေးနိုင်မည့် သိပ္ပံပညာရှင်များကို စတင်ပျိုးထောင်ရမှာ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မိမိတို့၏ စစ်ဆေးရေး လုပ်ငန်းများတွင်သုံးသော အတိုင်းအတာများအား ထိုသိပ္ပံဌာန၏ အမျိုးသားတိုင်းတာမှု စံများနှင့်ကိုက်ညီအောင်ပြန်ပြီး တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဌာနအသီးသီး၏ လက်ရှိအသုံးပြုနေသော အတိုင်းအတာများ၊ စစ်ဆေးသော ပညာရှင်များ၊ စစ်ဆေးသောနည်းစနစ်များကို ပိုမိုတိုးမြှင့် ဖြည့်ဆည်းထားပြီး မကြာမီပေါ်ထွက်လာမည့် တိကျတိုင်းတာမှု နည်းပညာဥပဒေနှင့်အညီ လိုက်နာစစ်ဆေးညှိနှိုင်ကြရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.