သုတေသနလုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်


Date : 15 October, 2013

news_photos

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသန ဦးစီးဌာနနှင့် အမျိုးသားဓာတ်ခွဲခန်းတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနအသီးသီးမှ ဌာနမှူး၊ ဌာနတာဝန်ခံများနှင့် သုတေသီ များကို တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသော မူဝါဒများကို မျက်ခြည်မပြတ် နားလည်သဘောပေါက်အောင် လေ့လာထားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဥ်များနှင့်အညီ အထောက်အကူပြုနိုင်သည့် သုတေသနလုပ်ငန်းများအဖြစ် သိသာသော တိုးတက်ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာစေရန်နှင့် ဌာနတိုးတက်ရေးအတွက် သုတေသန လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်‌ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း။

အမျိုးသားဓာတ်ခွဲခန်းကို နိုင်ငံတကာအဆင့် မီစေရေးအတွက် Laboratory တစ်ခုတွင်ရှိရမည့် စံချိန်စံညွှန်းအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရန် တာဝန်ယူဆောင်ရွက်နေသော တာဝန်ခံဝန်ထမ်းများကလည်း လုပ်ငန်းကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ပြန်ပြည့်ဖြိုးမြဲစွမ်းအင် သုတေသနလုပ်ငန်းများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ယူထားရသဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော်သွားရန် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသေးစိတ်လိုအပ်ချက်များကို ပြုစုတင်ပြပြီး လက်တွေ့အသုံးချနိုင်သည့် အဆင့်ဖြစ်အောင် စေတနာထား၍ လုပ်ဆောင်ရန် အောက်ခြေမှ ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများ၊ စီမံချက်များကို ရေးဆွဲတင်ပြရန်၊ ဝန်ထမ်းများအနေဖြင့် မိမိ၏အရည်အချင်းကို အစဉ်အမြဲမြှင့်တင်နေကြရန်နှင့် မိမိဌာနကို နိုင်ငံတကာအဆင့်မီ သုတေသနဌာနတစ်ခုဖြစ်ရန် ဝန်ထမ်းတစ်ဦးချင်းစီတွင် တာဝန်ရှိသည်ဟု မှာကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.