အရည်အချင်းရှိပြီးဘက်စုံထူးချွန်သည့် ဘွဲ့ရများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနိုင်ရေးအလေးထားဆောင်ရွက်


Date : 18 October, 2013

IMG_0073

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦးသည် ယမန်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော ဝန်ကြီးဌာနအောက်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရ နည်းပညာကောလိပ်များ၏ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များသည် ပြည်သူအခြေပြုသည့် စီမံချက်များရေးဆွဲ၍ အရည်အချင်းရှိပြီးဘက်စုံထူးချွန်သည့် ဘွဲ့ရများဖြစ်လာစေရန် ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် အလေးထား၍ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများသည် မိမိတို့ တက္ကသိုလ်၊ ကောလိပ်များအလိုက် စီမံချက်များအား သေသေချာချာလေ့လာ၍ တိတိကျကျရေးဆွဲပြီး အဖွဲ့အလိုက် အရှိန်အဟုန်ဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများအနေဖြင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ချက်၊ စီမံချက်များကို ဆောင်ရွက်မည့်အခြေအနေ၊ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလစဉ်အလိုက်ဇယားပြုလုပ်၍ အချိန်နှင့်တစ်ပြေးညီ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် သတ်မှတ်ထားသောဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအောင်မြင်အောင် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများကိုတိုင်းဒေသကြီး၊ ပြည်နယ်ရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ်ချက်အတိုင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်း၍ A.G.T.I, B.Techနှင့် B.E သင်တန်းများအတွက် သင်ရိုးညွှန်းတမ်းများကိုပြန်လည်သုံးသပ်၍ ယခုအစည်း အဝေးတွင် ညှိနှိုင်းသွားကြရန်လိုအပ်ကြောင်း။

နိုင်ငံတော်၏မူဝါဒများ၊ရည်မှန်းချက်များနှင့်အညီပညာရည်မြင့်မားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်နေသည်များကိုလည်းကောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြုပြင် ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပါမောက္ခချုပ်၊ ခေတ္တကျောင်းအုပ်ကြီးများမှ ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများသိရှိစေရေး ရှင်းလင်းပြောကြားကြရန် မှာကြားကြောင်းသတင်းရရှိသည်။



Bookmark the permalink.

Comments are closed.