ပညာရည်မြင့်မားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (Framework Agreement) အား လက်မှတ်ရေးထိုးချုပ်ဆိုခြင်း


Date : 22 October, 2013

IMG_0074

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေအား အမေရိကန် ပြည်ထောင်စုအခြေစိုက် နိုင်ငံတကာပညာရေးအဖွဲ့အစည်း (Institute of International Education-IIE) ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန (International Partnership) မှ ဒုတိယဥက္ကဌဖြစ်သူ Mr. Daniel Obst ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ၍ နိုင်ငံတကာပညာရေးအဖွဲ့အစည်း (IIE) ၏ သင်တန်းအသစ်တစ်ခုဖြစ်သော အဆင့်မြင့်ပညာရေး အဖွဲ့အစည်း၏ နိုင်ငံတကာဆက်ဆံရေးသင်တန်း (Connecting with the World International Relations at Higher Education Institutions) နှင့် စပ်လျဉ်း၍ သင်ရိုးညွှန်းတမ်းများညှိနှိုင်းရန် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် နိုင်ငံတကာပညာရေး အဖွဲ့အစည်း (IIE) နှင့် ၎င်းမှတာဝန်ယူဆောင်ရွက်လျက်ရှိသော နိုင်ငံတကာပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဥ်တွင်ပါဝင်သော အမေရိကန်နိုင်ငံမှ အဆင့်မြင့်ပညာရေး တက္ကသိုလ် (၁၀) ခုဖြစ်သည့် American University၊ Arizona State University၊ Ball State University၊ Hawaii Pacific University၊ Northern Arizona University၊ Northern Illinois University၊ Rutgers University၊ Samford University၊ University of Massachusetts – Lowell နှင့် University of Washington တို့အကြား ပညာရည်မြင့်မားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်အား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာစိုးနှင့် နိုင်ငံတကာပညာရေးအဖွဲ့အစည်း၏ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ဒုတိယဥက္ကဌဖြစ်သူ Mr. Daniel Obst တို့နှင့် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါသည်။

အဆိုပါ ပညာရည်မြင့်မားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်တွင် ပညာရေးအရည်အသွေးမြှင့်တင်ရန်နှင့် အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ်၊ ကောလိပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အမေရိကန်ပြည်ထောင်စု တို့အကြား အပြန်အလှန်နားလည်မှုတိုးတက်စေရန် ရည်ရွယ်ချုပ်ဆိုခြင်းဖြစ်ပြီး ပညာရေးမြင့်မားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအား ဦးစားပေးဆောင်ရွက်မည့် နယ်ပယ်များ အနေဖြင့် ဌာနဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ၏ အရည်အသွေးမြှင့်တင်ရန်၊ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများအား သင်တန်းအစီအစဥ်များ တိုးချဲ့ရန်၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်ရန်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘွဲ့လွန်သင်တန်းသားများ၏ ပညာရည်မြှင့်တင်ရေးအတွက် သင်တန်းများပေးရန်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရှိ တက္ကသိုလ်များ၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုအခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တို့အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။

           အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့် သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.