သုတေသနလုပ်ဆောင်နေသော သုတေသီများအားတွေ့ဆုံ


Date : 30 January, 2014

IMG_0438

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦး သည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ရှိ ဇီဝနည်းပညာသုတေသန ဌာန(ကျောက်ဆည်)၌ သုတေသနလုပ်ဆောင်နေသော သုတေ သီများနှင့် တွေ့ဆုံခဲ့ပါသည်။

                  ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပတ်ဝန်းကျင်ရာသီဥတုအလိုက် သင့်လျော်မည့် ဇီဝနည်းပညာအခြေပြု စံပြစိုက်ခင်းများဖြစ်ပေါ်လာအောင် ကြိုးပမ်း ကြရန် လိုအပ်ပါကြောင်း၊ အပင်တစ်သျှူးပွားများခြင်းနည်းဖြင့် ပြုလုပ်နိုင်သည့် အခြေအနေများဖြစ်ရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော စျေးကွက်၀င် တစ်သျှူးမျိုးပွားပင်များ အများအပြား စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရန် ဦးတည်ချက်ထား ကြိုးပမ်းကြရန်လိုအပ်ပါကြောင်း။

                  ဇီဝနည်းပညာသုတေသနမှ ဇီဝနည်းပညာဖြင့် ထုတ်လုပ်ထားသော အပင် အားဖြည့်ဆေးရည်များ၊ ရွှေဇီဝ သဘာဝဇီဝမြေသြဇာနှင့် အပင်တစ်သှျူး ငှက်ပျော ပင်ငယ်များအား ဒေသခံတောင်သူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် အသိ ပညာပေး အစီအစဉ်များ ပြုလုပ် သွားကြရန်လိုအပ်ပါကြောင်း၊ လမ်းညွှန်မှာကြားပြီး သုတေသီများမှ သုတေသန လုပ်ဆောင်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ဖြေရှင်းပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

                  ယင်းနောက် ကျောက်ဆည်မြို့၊ တံစိုးရပ်ရှိ ဇီဝနည်းပညာသုတေသန ဦးစီးဌာန ရုံးဆောက်လုပ်ပြီးစီးမှုနှင့် ထပ်မံဆောက်လုပ်မည့် နှစ်ထပ် အဆောက်အအုံ မြေနေရာတို့အား လည်းကောင်း၊ ကျောက်ဆည်မြို့၊ တုံလုံကျေးရွာရှိ ရွှေဇီဝ (၁)၊ ဇီဝမြေသြဇာ စက်ရုံနှင့် မြစ်သားမြို့နယ်၊ တောတွင်ရွာရှိ ရွှေဇီဝ (၁)၊ အဏုဇီဝ ဓါတ်ခွဲခန်းတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.