တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေ(မူကြမ်း) အတည်ပြုပြဋ္ဌာန်းနိုင်ရေး စည်းဝေး


Date : 4 April, 2014

IMG_0029

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော တိကျစွာ တိုင်းတာခြင်း နည်းပညာဥပဒေ(မူကြမ်း) အတည်ပြုပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်း အဝေးတွင် အမှာစကားပြောကြား၌ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲရေးများကို တိုးမြှင့် ဆောင်ရွက်နေရာ စီးပွားရေးကဏ္ဍအနေဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လျက်ရှိသဖြင့် နိုင်ငံတကာနှင့် စီးပွားရေးကူးလူးဆက်သွယ် ရောင်းဝယ်ကြသည့်အခါ စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာဥပဒေနှင့် တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေများသည် အလွန်အရေးပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ယူရေးဆွဲနေသော စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာဥပဒေသည် ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် အမျိုးသားလွှတ်တော် အစည်းအဝေးတို့တွင် ဆွေးနွေး အတည်ပြုနိုင်ခဲ့ပြီး မကြာမီ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးအတည်ပြု နိုင်တော့မည် ဖြစ်ပါကြောင်း၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်သော အဖွဲ့အစည်းများအတွင်း ပွင့်လင်းမြင်သာမှု၊ မှန်ကန် တိကျမှုနှင့် မျှတသောအခြေအနေကိုဖြစ်စေရန်၊ ပြည်သူ့ကျန်းမာရေးနင့် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန်၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းများစသည်တို့၏ ဥပဒေအရ ရပိုင်ခွင့်နှင့် အကျိုးစီးပွားကိုကာကွယ်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ထောက်ပံ့ပေးနိုင်ရန်နှင့် နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့်တို့တွင် မျှတသောကုန်သွယ်မှု အတွက် ကောင်းမွန်သော အခြေအနေများကို ဖန်တီးပေးနိုင်ရန်တို့အတွက် အရေးပါသော တိကျစွာတိုင်းတာခြင်း နည်းပညာ ဥပဒေကို အတည်ပြုပြဌာန်းနိုင်ရန် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အဖွဲ့အစည်းအသီးသီးမှ ဥက္ကဌများ၊ ကိုယ်စားလှယ်များနှင့် ပညာရှင်များက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် အတွေ့အကြုံ များ၊ နိုင်ငံတကာ အတွေ့အကြုံများနှင့် ကျွမ်းကျင်ရာ နယ်ပယ်ရှုထောင့်အမြင်များကို ဆွေးနွေးအကြံပြု ခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.