ဟင်္သာတမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 27 April, 2014

IMG_0339

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ဟင်္သာတမြို့သို့ရောက်ရှိပြီး နည်းပညာတက္ကသိုလ်၊ စုဝေးခန်းမတွင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်တွင် ပညာရေး၊ ကျန်းမာရေးကဏ္ဍ တွေမှစ၍ ကဏ္ဍအားလုံး ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ပြည်သူဗဟိုပြု ပြုပြင်ပြောင်းလဲမှုများကို အဓိကထားဆောင်ရွက် လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိဒေသတွင်းမှ လိုအပ်ချက်များပေါ်မူတည်၍ သုတေသနလုပ်ငန်းများကို လုပ်ဆောင်ကြရန်လိုကြောင်း၊ အထွေထွေဗဟုသုတများ ရရှိစေရန် နိုင်ငံတကာတွင် ပြောင်းလဲဖြစ်ပေါ်နေမှုများကို စဥ်ဆက်မပြတ် လေ့လာထားကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းခေါ်ချိန်ပြည့်မှီစေရေး၊ ကျောင်းစည်းကမ်းများ အတိုင်း နေထိုင်သွားစေရေး သွန်သင်ဆုံးမ ပြောကြားထားရန်လိုကြောင်း၊ သင်ကြားမှု၊ သင်ယူမှု များတွင် ကွန်ပျူတာအခြေခံ သင်ကြားပေးရန်လိုကြောင်း၊ စာသင်ခန်း၊ လက်တွေ့ခန်းနှင့် အလုပ်ရုံများ သီးခြားစီထားရှိပြီး လက်တွေ့ခန်းများတွင် လက်တွေ့လုပ်နိုင်သည့် အဆင့်ရှိအောင် လက်တွေ့ပစ္စည်းများကို တပ်ဆင်ထားကြရန်လိုကြောင်းနှင့် ဆရာနှင့် ကျောင်းသားအချိုး မျှတစွာရှိနိုင်ရေးတို့အတွက် စီစဥ်ထားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်ရှိ စာသင်ခန်း၊ လက်တွေ့ ခန်းများ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.