နည်းပညာကျွမ်းကျင်မှုနှင့်အသက်မွေးဝမ်းကျောင်းပညာကဏ္ဍတိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေးညှိနှိုင်းဆွေးနွေး


Date : 28 April, 2014

IMG_4875

နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍတိုးချဲ့မြှင့်တင် အကောင် အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒေါက်တာကိုကိုဦး၊ အထူးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းမှ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအနက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရေး တို့အတွက် အဓိကကျသည့် နည်းပညာကျွမ်းကျင်မှုနှင့် သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးလုပ်ငန်းအဖွဲ့က အကြံပေးအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များ စနစ် တကျဖွဲ့စည်းပြီး ရက်သတ္တပတ်လိုက် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မည့် အစီအစဉ် များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြ စေလိုပါကြောင်း၊ နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးပညာ မူဝါဒများနှင့် ဥပဒေကိုလည်း လက်တွေ့မြေပြင်တွင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသက်မွေး ပညာသင်တန်းများ ဖွင့်လှစ်ထားသော ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဒေသခံ ပြည်သူများ အလွယ်တကူအဆင်ပြေစွာ ပိုမိုတက်ရောက်နိုင်ရန် တိုးချဲ့စီမံပေးသွားရန် လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်ရန် စရိတ်စက မတက်နိုင်သည့် ဝေးလံဒေသ များမှ ပြည်သူများအတွက် ရွေ့လျားသင်တန်းပေးအဖွဲ့များ (Mobile Vocational Education and Training) ယူနစ်များဖွဲ့လျက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် ပေးခြင်းဖြင့် မြို့နယ်အလိုက် လူ့စွမ်းအား အရင်းအမြစ်များ တိုးချဲ့ထူထောင်ရန် လိုအပ်ပါကြောင်း မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ချက် ပြဌာန်းရေး အဖွဲ့ကလည်း ရန်ကုန်နှင့် မန္တလေးတို့တွင် Testing Centre များဖွင့်၍ ကျွမ်းကျင်မှု စစ်ဆေးပြီးလျှင် ကျွမ်းကျင်မှုလက်မှတ်ထုတ်ပေးရေးကိုလည်းကောင်း၊ အခြားနယ်ပါယ် ကဏ္ဍများတွင်လည်း ဆောင်ရွက်နိုင်စွမ်းရှိသော ပုဂ္ဂလိကအသင်းအဖွဲ့များအား ဆောင်ရွက်ခွင့် ပေးနိုင်မည့် အစီအမံများအား ဆွေးနွေးညှိနှိုင်းရန်လိုအပ်ပါကြောင်းပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ တက်ရောက်လာသူများ အနေဖြင့် သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်၊ နယ်ပယ်အလိုက် ဆောင်ရွက်နိုင်ရေးနှင့် ဥပဒေပြဌာန်းနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ အရည်အသွေးတိုးတက် လာစေရေး အတွက် Development Partner များဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဒေသအတွက် အမှန်တကယ် လိုအပ်သော သင်တန်းများပို့ချနိုင်ရေးအတွက် စာရင်းကောက်ယူပြုစု တင်ပြပေးနိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ညနေပိုင်းတွင် ဆွေးနွေးပွဲပြီးဆုံခဲ့သည်။
နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်ရေးအတွက် ပေးပို့အကြံပြုလိုပါလိပ်စာနှင့် ဖုန်းနံပါတ်များမှ တဆင့် ပေးပို့အကြံပြုနိုင်ပါကြောင်း သိရှိရပါသည်-
ဆက်သွယ်ရန်လိပ်စာ – အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ လမ်းသွယ်(၁)ရှိ
စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ဗဟန်းမြို့နယ်၊
ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၅၅၅၈၂၄၊ ၀၆၇-၄၀၄၅၀၅
Fax – ၀၁-၅၄၂၈၇၃၊ ၀၆၇-၄၀၄၅၀၆
e-mail – mostdtveygn1@gmail, academic@dtve.org ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.