ပြည်ထောင်စုဝန်ကြီးများ တက္ကသိုလ်များစစ်ဆေး


Date : 5 June, 2014

IMG_5534

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးတို့သည် ဇွန်လ ၂ ရက်က နည်းပညာတက္ကသိုလ် (သန်လျင်)နှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဒေါက်တာကိုကိုဦးတို့သည် နည်းပညာတက္ကသိုလ် (သန်လျင်) သို့ရောက်ရှိကာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းမှ အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ သည် ကျောင်း၏ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာနေထိုင်သွားကြရန်နှင့် စာကြိုးစား နေထိုင်သွားကြရန် သွန်သင်ဆုံးမ ပေးကြရမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ဆောင်နိုင်မည့် သုတေသနလုပ်ငန်းများအား လုပ်ဆောင်သွားကြရန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ နေထိုင်နိုင်ရေး အဆောင်များ စီစဥ်ထားပေးရန် လိုအပ်ကြောင်း၊ Syllabus နှင့် Curriculum များရေးဆွဲရန်အတွက် မူဝါဒများချမှတ် လုပ်ဆောင်ကြရန်နှင့် ပြန်လည်လေ့လာခြင်း (Review) နှင့် ပြောင်းလဲခြင်း (Changing) လုပ်ငန်းများကို စဥ်ဆက်မပြတ် လေ့လာပြီး လိုအပ်ပါက လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
နည်းပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ်(တာဝန်) ဒေါက်တာ ကေသီလွင်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် နောင်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဆရာ၊ ဆရာမများနှင့် နည်းပညာတက္ကသိုလ် (သန်လျင်) ၏ စီမံချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.