ပိုင်ရှင်မဲ့ဓာတ်ရောင်ခြည်ပင်ရင်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 21 July, 2014

IMG_9570

အမေရိကန်ပြည်ထောင်စု စွမ်းအင်ဌာန U.S. Department of Energy (DOE)၊ Global Threat Reduction Initiative (GTRI) နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီး ဌာနတို့ ပူးပေါင်း၍ ပိုင်ရှင်မဲ့ဓာတရောင်ခြည်ပင်ရင်းများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ကမ္ဘာ့နိုင်ငံ အသီးသီး၌ ဓာတ်ရောင်ခြည်ပင်ရင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်း၊ ဆေးပညာ၊ သုတေသနနှင့် သင်ကြားရေးစသည့် နယ်ပယ်များတွင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိပါကြောင်း၊ အဆိုပါ ဓာတ်ရောင်ခြည် ပင်ရင်းများကို ဘေးအန္တရာယ် ကင်းရှင်းစွာကိုင်တွယ် အသုံးပြုမည်ဆိုပါက အလွန်တရာအကျိုးများသော်လည်း ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ အားနည်းမည်ဆိုပါက အများပြည်သူအား ဓာတ်‌ရောင်ခြည်အန္တရာယ်သင့်ရောက်စေပြီး၊ အသက်ပါ ဆုံးရှုံးနိုင်သည်အထိ အကျိုးဆက်များ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ဓာတ်ရောင်ခြည် ပင်ရင်းများကို ဘေးအန္တရာယ် ကင်းရှင်းစွာ ကိုင်တွယ်အသုံးပြုရန် အရေးကြီးသကဲ့သို့ ၎င်းတို့ကို လုံခြုံစွာထိန်းသိမ်း ရန်လည်း အရေးကြီးပါကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲမှ ဓာတ်ရောင်ခြည် ပင်ရင်းများကို ဘေးအန္တရာယ်ကင်းရှင်းစွာကိုင်တွယ် အသုံးပြုနိုင်ရေး နည်းလမ်းများနှင့် ၎င်းတို့ကို လုံခြုံစွာ ထိန်းသိမ်းထားရှိရန်နည်းလမ်းများ၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုများ အသုံးပြုမှုများကို ရှာဖွေဖော်ထုတ်သွားနိုင်မည့် အတွေ့အကြုံ ကောင်းများရမည်ဟု မျှော်လင့်ပါကြောင်းပြောကြားသည်။

ထို့နောက် အမေရိကန်ပြည်ထောင်စု စွမ်းအင်ဌာန၊ Global Threat Reduction Initiative (GTRI) မှ Foreign Affairs Specialist, Mr. Bryan Robert Reed က ပိုင်ရှင်မဲ့ ဓာတ်ရောင်ခြည် ပင်ရင်းများ ရှာဖွေခြင်းနှင့် ထိန်းချုပ်ရန်အတွက် ဓာတ်ရောင်ခြည်ဆိုင်ရာ အသိပညာများကို ပြောကြားသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဇူလိုင်လ ၂၅ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.