နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး ဆွေးနွေး


Date : 22 July, 2014

IMG_9796

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့ နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် စက်မှုနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှုသည် အလုပ်အကိုင်ရရှိမှုအခွင့်အလမ်း ပိုမိုရရှိနိုင်စေမည့် ကျွမ်းကျင်မှု၊ အလုပ်အကိုင်ရရှိအဆင်ပြေမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူငယ်များအတွက် ပိုမိုအကျိုးရှိနိုင်မည့် ဘဝရပ်တည်မှုတစ်ခုအတွက် ပြင်ဆင်မှုများပြုလုပ်နိုင်ပြီး နိုင်ငံများတွင် စဥ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ စက်မှုနိုင်ငံတစ်ခု ဖြစ်လာစေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကပါဝင်သော ကြောင့် စက်မှုနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များသည် စက်မှုနိုင်ငံဖြစ်လာရန်အတွက် လိုအပ်သည့် ကျွမ်းကျင်သောလုပ်သား အင်အားကို ဖြည့်ဆည်းပေး နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါကြောင်း။
စက်မှုနှင့် သက်မွေးပညာရေးလေ့ကျင့်သင်ကြားမှုဆိုင်ရာ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် မူဝါဒများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စက်မှုနှင့်သက်မွေးပညာရေးကို အောင်မြင်စွာအကောင် အထည်ဖော်ရန်အတွက် အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကနှင့် Development Partners တို့ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်မှုနှင့်သက်မွေးပညာရေးကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက မိမိတို့မြန်မာနိုင်ငံသားအားလုံးသည် အလုပ်အကိုင် ရရှိမှု အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသော သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ Development Partners များမှ ကိုယ်စားလှယ်များသည် စက်မှုနှင့်သက်မွေး ပညာရေးလေ့ကျင့်သင်ကြားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် နည်းပညာတက္ကသိုလ်များအား အဆင့်မြှင့်တင်ဖွင့်လှစ်ရေးတို့အတွက် ပံ့ပိုး သွားကြစေလိုပါကြောင်း၊ နည်းပညာဆိုင်ရာကူညီပံ့ပိုးမှုများ၊ မူဝါဒစည်းမျဥ်းစည်းကမ်းများ၊ ဥပဒေများမူကြမ်းရေးဆွဲနိုင်ရေးနှင့် သင်ကြားရေးဆိုင်ရာကူညီပံ့ပိုးမှုများနှင့် ဆရာ၊ ဆရာမများ အတွက် သင်တန်းများပို့ချပေးမှုများစသည့် ပံ့ပိုးမှုများကို ရေတို၊ ရေရှည်လိုအပ်ချက်များအလိုက် ဦးစားပေးအစီအစဥ်များ ချမှတ်ဆောင်ရွက်နိုင်ရန် အကြံပြုလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ Task Force ၏ ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဥ်များကို ဆွေးနွေးတင်ပြခဲ့ပြီး ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များက နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့ မြှင့်တင်အကောင်အထည် ဖော်ရေးအတွက် ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.