ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Date : 26 August, 2014

IMG_6875

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေး အဖွဲ့အစည်း (Organisation for the Prohibition of Chemical Weapons-OPCW) တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံတို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention) ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်တွင်ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဓာတုလက်နက် တားဆီးပိတ်ပင်ရေးသည် ယနေ့ခေတ်လူ့အဖွဲ့အစည်းများအတွက် အလွန်အရေးပါသော ဆောက်ရွက်ရမည့်ကိစ္စရပ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူနှင့် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ အကျိုးသက်ရောက်စေသောကြောင့် အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဓာတုလက်နက်သည် လူသားများအပေါ် ဝမ်းနည်းကြေကွဲဖွယ်ရာ ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေပါကြောင်း၊ ဓာတုလက်နက်သည် အဆိပ်ဖြစ်စေသည့် မည်သည့် ဓာတုပစ္စည်းကိုမဆို အသုံးပြု ရရှိနိုင်သောကြောင့် ဒဏ်ရာရစေခြင်း၊ မသန်စွမ်းဖြစ်စေနိုင်ခြင်း၊ လူကိုသေစေနိုင်ခြင်းတို့ကို ဖြစ်စေနိုင်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းတွင် မြန်မာနိုင်ငံသည် လူအစုလိုက် အပြုံလိုက်ထိခိုက်သေကြေစေနိုင်သည့် လက်နက်များ (Weapons of Mass Destruction) ကို ဖျက်သိမ်းခြင်းနှင့် လက်နက်မပြန့်ပွားရေး ဆောင်ရွက်မှု များကို အခိုင်အမာ ထောက်ခံသူအဖြစ် ပြသနိုင်ရန် မြန်မာနိုင်ငံသည် ဓာတုလက်နက် တားဆီး ပိတ်ပင်ရေးစာချုပ်အား ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီနှင့် ချုပ်ဆိုထားသော နျူကလီးယား ထိန်းချုပ်စောင့်ကြပ်ရေး စာချုပ်တို့၏ နောက်ဆက်တွဲစာချုပ် (Additional Protocol) ကို လက်မှတ်ရေးထိုးခဲ့ပြီး ပါကြောင်း၊ ဓာတုလက်နက်များအား အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းများအား တားဆီးပိတ်ပင်သော အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အား မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲ သည် ဥပမာတစ်ခုဖြစ်ပါကြောင်း၊ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်အား အတည်ပြု လက်မှတ်ရေးထိုးရန် လိုအပ်သော လုပ်ငန်းစဥ်များအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်အား အတည်ပြုပါဝင် လက်မှတ်ရေးထိုးပါက စာချုပ်နှင့်လိုက်လျောညီထွေမှုရှိစေရန် လက်ရှိဓာတုပစ္စည်းဆိုင်ရာ ဥပဒေများအား ပိုမို ပြည့်စုံလာစေအောင် ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနသည် ဓာတုပစ္စည်းများနှင့် ဆက်စပ်သည်‌့ ဓာတုပစ္စည်းများ၏ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ဓာတုလက်နက်တားဆီးပိတ်ပင်ရေး စာချုပ် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၀) ရှိနေပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်စေရေး မြှင့်တင် နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိဂုံးချုပ်အားဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအတွက် အတွေ့ အကြုံများမှ တစ်ဆင့် အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်မြို့တွင် မြန်မာ့ပိုးသတ်ဆေး ပြန်လည်ထုတ်ပိုးစက်ရုံတွင် ကွင်းဆင်းစစ်ဆေးမှုဆိုင်ရာ သရုပ်ပြလေ့ကျင့်မှုများကိုလည်း သြဂုတ်လ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့တို့တွင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။



Bookmark the permalink.

Comments are closed.