နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့် အရှိန်မြှင့်တင်မှု(Third Wave) အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် (Mid-Term Review) ဆွေးနွေးပွဲ


Date : 24 September, 2014

IMG_2757

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု(Third Wave) အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် ကာလလယ်သုံးသပ်ချက် (Mid-Term Review) ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြားရာတွင် အဓိကကဏ္ဍကြီး နှစ်ရပ်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံပြုလုပ်ခြင်းနှင့် လက်တွေ့ကျသော ပြည်သူအကျိုးပြုနိုင်မည့် သုတေသနလုပ်ငန်းများကို ရေရှည်လုပ်ငန်းစဉ်ဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနသည် နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီး ပေးနိုင်ရန် ထိုစီမံကိန်းလုပ်ငန်းများကို လေးလေးနက်နက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်ရာတွင် ဝန်ထမ်းများ အနေဖြင့် မိမိထမ်းဆောင်ရမည့်တာဝန်ကို ရှင်းရှင်းလင်းလင်းသိအောင် ဆောင်ရွက်ထားရန်၊ နိုင်ငံတော်၏ မူဝါဒများ၊ ဝန်ကြီးဌာနမူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မှုများ၊ ရသုံးမှန်းခြေငွေစာရင်းနှင့် စီမံရေးရာ ဆောင်ရွက်ချက်များ၊ ဝန်ထမ်းအရည်အသွေးမြှင်တင်ခြင်း ဆောင်ရွက်ချက်များ၊ e-Government စီစဉ်ထားရှိမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကြိုးစားလုပ်ကိုင် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ သင်ကြားမှုနည်းစနစ်ကိုကောင်းမွန်စေရန် Computer နှင့် Internet ကို ကောင်းကောင်းအသုံးချပြီး ပညာရေးစနစ်ကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ အဖွဲ့အစည်းများတွင် စွမ်းဆောင်ရည် စီမံခန့်ခွဲမှုစနစ်ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ အလုပ်တာဝန်ကို ဆောင်ရွက်ရာတွင် မျှော်မှန်းသည့်ရလဒ် ရရှိအောင် မည်သို့စီမံခန့်ခွဲရမည် ဆိုသည်ကို အလေးအနက်ထားဖို့လိုအပ်ပါကြောင်း၊ ရလဒ်ကို အခြေခံသည့် စီမံခန့်ခွဲမှုစနစ် Result Based Management ကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေက အုပ်ချုပ်ရေးကဏ္ဍများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အဆင့်ဆင့်သော တာဝန်ရှိသူများအနေဖြင့် အရည်အချင်း၊ အရည်အသွေး ပြည့်ဝရန်လိုအပ်ပါကြောင်း၊ တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်းသွားကြရန်နှင့် ဝန်ထမ်းများ စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းရည်ပြည့်ဝအောင်(Capacity Building) တည်ဆောင်ခြင်း စွမ်းဆောင်ရည်မြင့်မား တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သုတေသနလုပ်ငန်း ဆိုင်ရာကိစ္စရပ်များ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဆင့်မြင့် ပညာရေးကဏ္ဍများကိုဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဝန်ကြီးဌာန၏ ကဏ္ဍအလိုက် တိုးတက်မှု များ၊ လုပ်ဆောင်ချက်များ အားသာချက် အားနည်းချက်များကို အပြန်အလှန်ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.