သုတေသနဝန်ထမ်းများနှင့် တွေ့ဆုံ


Date : 18 October, 2014

IMG_4123

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ အမှတ် (၆) ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး ညွှန်ကြားရေးမှူးချုပ်၊ ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ သုတေသီများနှင့်တွေ့ဆုံ၍ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှုများပြုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် (Third Wave) အစီအစဉ်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိမိဝန်ကြီးဌာနအနေဖြင့် ပညာရေးဆိုင်ရာ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများ သာမက သုတေသနလုပ်ငန်းများ အားလုံးကိုပါ ကြိုးပမ်းဆောင်ရွက် သွားကြရမှာဖြစ်ပါကြောင်း၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ထိရောက်အောင်မြင်စေရန် လိုအပ်ပါကြောင်း၊ ဌာနပြုပြင်ပြောင်းလဲမှုအတွက် သုတေသနဌာန တစ်ခုချင်းအလိုက် မျှော်မှန်းချက်၊ ရည်ရွယ်ချက် လုပ်ငန်းစဉ်များအပေါ်တွင် အခြေခံသော သုတေသန ဓာတ်ခွဲခန်းလိုအပ်ချက်များ၊ စက်ပစ္စည်းကိရိယာလိုအပ်ချက်များနှင့် သုတေသီလိုအပ်ချက်များကို ကျစ်ကျစ်လစ်လစ်ဖြင့် အနည်းဆုံး ဖြစ်အောင် တင်ပြပေးစေလိုပါကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးအနေဖြင့်လည်း မိမိလုပ်ငန်းကဏ္ဍ အလိုက် ပြည်ပအဖွဲ့အစည်းအသီးသီးဖြင့် ပါဝင်ပူးပေါင်းနိုင်ပြီး စီမံကိန်း (Project) များ ဆောင်ရွက် နိုင်အောင် ကြိုးပမ်းကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ ဆောင်ရွက်ဆဲ ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စများ၊ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ နည်းဥပဒေများကို ရေးဆွဲနေမှုအခြေအနေ များ၊ စံချိန်စံညွှန်းရေးဆွဲနေမှု အခြေအနေများ၊ နည်းပညာဆပ်ကော်မတီများကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းရန်ကိစ္စများ၊ သိပ္ပံနှင့်နည်းပညာမူဝါဒရေးဆွဲနေမှု အခြေအနေနှင့် အသစ်ပြန်လည်ရေးဆွဲလျက် ရှိသော သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေး ဥဒေမူကြမ်းရေးဆွဲနေမှု အခြေအနေများကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.