IT Business Plan Contest 2014 ပြိုင်ပွဲ


Date : 25 October, 2014

IMG_4394

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ဂျပန်နိုင်ငံ၊ Crossborder International Educational Support Foundation-CIESF တို့ ပူးပေါင်းကျင်းပသည့် IT Business Plan Contest 2014 နောက်ဆုံး အဆင့်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park Conference Hall ၌ ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် IT ကဏ္ဍသည် စီးပွားရေးကဏ္ဍ တစ်ခုတည်းအတွက် သာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လုံခြုံရေးစသည့် ကဏ္ဍစုံတို့တွင် အရေးပါသောနေရာတွင် ရှိနေကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှလည်း လူ့စွမ်းအား အရင်းအမြစ်မွေးဖွားပေးသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍအတွက် တစ်ထောင့်တစ်နေရာက ပါဝင်နေပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ကွန်ပျူတာတက္ကသိုလ်ပေါင်း ၂၅ ခု နှင့် နည်းပညာတက္ကသိုလ်ပေါင်း ၃၃ ခု ရှိပါကြောင်း၊ ယခုအခါ တတ္ကသိုလ် ခြောက်ခုအား အဆင့်မြင့်တက္ကသိုလ်များအဖြစ် ဖွင့်လှစ်ထားပါကြောင်း၊ တက္ကသိုလ်များ၌ Industry တွင် လက်တွေ့အသုံးချနိုင်မည့် ပညာရပ် သင်ကြားရေး၊ နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးတို့ ဦးတည် လုပ်ဆောင်နေပါကြောင်း၊ IT Business Plan Contest ပြိုင်ပွဲသည် ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ IT ဘွဲ့ရများအနေဖြင့် လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်ရန် လိုအပ်မည့် အတွေ့အကြုံများ ရရှိနိုင်ရုံသာမက မိမိ၏အစီအမံ (Plan) ကို ရင်းနှီးမြှုပ်နှံ လိုသူများနှင့်လည်း တိုက်ရိုက်တွေ့ဆုံပြီး စီးပွားရေး လုပ်ငန်းစတင်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်ပြီး ပါဝင်ယှဉ်ပြိုင်သင့်ကြောင်း၊ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသော ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ရများကလည်း စတင်ကျင်းပပြုလုပ်ခဲ့သော ၂၀၁၁ ခုနှစ်တည်းက ဆုများရရှိခဲ့၍ ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ နိုင်ငံတကာအဆင့် ICT ဆိုင်ရာ ပြိုင်ပွဲများဖြစ်သော Asia Pacific ICT Award (APICTA)၊ ASEAN ICT Award (AICTA) နှင့် World Summit Award (WSA) တို့အတွက် အဖွဲ့ဝင်ဖြစ်အောင် ကြိုးပမ်းထားပြီး ပြိုင်ပွဲများကျင်းပနေသည့် အခြားအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနမှ တစ်ဆင့် အကြောင်းကြားလာသော ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် အထောက်အပံ့များ ပေးနေခြင်းသည် ယနေ့လူငယ်များအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနေ၍ အားရကျေနပ်မိပါကြောင်း၊ လူငယ်များ အနေနှင့်လည်း အခွင့်ကောင်းများကို လက်လွတ်မခံဘဲ ရယူကြရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဆက်စပ်အသင်းများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရန် Public Private Partnership (PPP) ပုံစံဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ယခုထက်ပိုမို တက်ကြွစွာပူးပေါင်း လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသောင်းတင်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဥက္ကဌ ဦးခွန်ဦး တို့မှ IT Business Plan Contest 2014 ပြိုင်ပွဲ ကျင်းပခြင်းကြောင့် IT နယ်ပယ်တွင် နည်းပညာဆန်းသစ် လာမှုများအတွက် နည်းပညာသစ်များ ပိုမိုဖန်တီးပေါ်ထွက်လာနိုင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ နာယက ဦးသိန်းဦးတို့မှ Main Sponsor ဖြစ်သော ဂျပန်နိုင်ငံ၊ CIESF နှင့် မြန်မာနိုင်ငံမှ ပံပိုးကူညီသူများနှင့် Myanmar Information and Communications Technology Development Corporation- MICTDC မှ တာဝန်ရှိသူများနှင့် အကဲဖြတ်ဒိုင်များအား မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ၊ CIESF မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များ၊ ပံ့ပိုးကူညီသူ sponsor များ ပုဂ္ဂလိက ကုမ္ပဏီများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.