သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)အပေါ် ညှိနှိုင်းအစည်းအဝေး


Date : 1 November, 2014

IMG_5375

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးရေးဥပဒေ (မူကြမ်း)အပေါ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သတင်းအချက်အလက်နည်းပညာလုပ်ငန်း များတွင် ကျွမ်းကျင်မှုရှိစေရန်နှင့် နိုင်ငံတကာနှင့်ယှဥ်ပြိုင်မှုများ တိုးတက်လာစေရန် ရည်ရွယ်ပါကြောင်း၊ သတင်းအချက်အလက်နည်းပညာကို အသုံးပြု၍ စီးပွားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး စသည့် လုပ်ငန်းနယ်ပယ်အားလုံးတွင် ခေတ်စနစ်နှင့်အညီ အသုံးပြုဆောင်ရွက်နိုင်ရန် လိုအပ်ပါ ကြောင်း၊ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာရပ်များနှင့် သုတေသနဆောင်ရွက်ချက်များ ပိုမို အဆင့်မြင့်မားလာစေရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ သတင်းအချက်အလက် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များနှင့် လုပ်ငန်းများတည်ထောင်ခြင်း၊ ဖွံ့ဖြိုးတိုးတက် စေရန်ဆောင်ရွက်ခြင်း၊ တိုးချဲ့ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းများတွင် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်ပါကြောင်း၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားရေးလိုအပ်ချက်နှင့် မူဝါဒများအား တက်ရောက်လာသော ဝန်ကြီးဌာနအသီးသီးမှ လက်ရှိရေးဆွဲထားသော ဥပဒေမူကြမ်းအပေါ် လိုအပ်ချက်များ၊ ပြုပြင်ပြောင်းလဲရန်အချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးပေးပါရန် ပြောကြားခဲ့ပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လက်ရှိရေးဆွဲထားသော ဥပဒေမူကြမ်းကို တင်ပြခဲ့ပါသည်။
ဆက်လက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်မှ e-Government ဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ ခေတ်စနစ်လိုအပ်ချက်နှင့်အညီ သတင်း အချက်အလက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရပ်အထောက်အကူပြုသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သုတေသနစာတမ်းဖတ်ပွဲများ၊ အစည်းအဝေးများကို ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတို့တွင် ပြုလုပ်နိုင်ရေးနှင့် ပါ၀င်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးခြင်းအတွက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှလည်း အကြံပြုဆွေးနွေးခဲ့ကြပါသည်၊
အဆိုပါ အစည်းအဝေးသို့ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_5372



Bookmark the permalink.

Comments are closed.