နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁၂/၂၀၁၄)


Date : 5 November, 2014

IMG_5731

နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင် အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန (၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဆွေးနွေးပြောကြားရာတွင် တည်ဆောက်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများစသည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများတိုးတက် လာသည်နှင့်အမျှ ကျွမ်းကျင်လုပ်သား လိုအပ်ချက်မြင့်မား တိုးတက်လာပါကြောင်း၊ ပြည်တွင်း ပြည်ပတွင် ရရာအလုပ်လုပ်ကိုင်နေကြသူများသည် နည်းပညာကျွမ်းကျင်မှု လိုအပ်နေသဖြင့် ထိုက်တန်သော လုပ်ခလစာ ရသင့်သလောက် မရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်း၍ လုပ်သားဈေးကွက် လိုအပ်ချက်အား တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်အပေါ်မူတည် တွက်ချက်ပြီး Demand Driven Approach ဖြင့် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီးကလည်း ပြည်သူအများစု၏ အလုပ်အကိုင်ရရှိရေး၊ ပုံမှန်ဝင်ငွေ ရရှိရေး၊ ကျန်းမာမှုစောင့်ရှောက်နိုင်ရေးတို့ကို ဦးစားပေးလျက် နိုင်ငံစီးပွားတိုးတက်ရေးနှင့် ပြည်သူ တို့၏ လူမှုစီးပွားတိုးတက်ရေးအတွက် အဓိက လေ့ကျင့်မွေးထုတ်နိုင်သည့် ပညာရေးဖြစ်ရန် ဦးတည် ဆောင်ရွက်ကြရန် မှာကြားပြီးဖြစ်သည့်အတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်းအဖြစ် နည်းပညာကျွမ်းကျင်မှု အဆင့်အတန်းကိုလည်း အမျိုးသား နည်းပညာ ကျွမ်းကျင်မှု စံသတ်မှတ်ချက်ပြည့်မီရေး အလေးထားမှသာ မိမိနိုင်ငံသားများသည် နိုင်ငံတကာသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်ပြီး ထိုက်သင့်သော လုပ်ခရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ပါသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးများတွင် ဒေသလိုအပ်ချက်နှင့် အဆိုပြုမှုကို တောင်းခံ၍ ဆောင်ရွက်လုပ်ကိုင် ပေးနေပါကြောင်း၊ ဒေသနှင့် ကိုက်ညီမည့် သင်တန်းများ ဖွင့်လှစ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်း များကို ရှာဖွေပေးမှသာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ ဘက်စုံ လွှမ်းခြုံသော ပညာရေးလေ့လာသုံးသပ်မှု အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်သားဈေးကွက် အခြေအနေ၊ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံ စီမံကိန်းများအပေါ် အခြေခံကာ နည်းပညာနှင့်သက်မွေးပညာ အရည်အသွေးများကို အမျိုးသားအဆင့် အရည်အသွေးမူဘောင်နှင့် ချိန်ညှိဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ TVET Mapping ရေးဆွဲထားခြင်းနှင့် CESR မှ အကြံပြုထားသည့် Quick Win နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဝန်ကြီးဌာနများမှ ပေးပို့လာသော နည်းပညာနှင့် သက်မွေးပညာရေး ဥပဒေ(မူကြမ်း) အကြံပြုချက် များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများမှလည်း ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။

IMG_5731



Bookmark the permalink.

Comments are closed.