အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ


Date : 10 November, 2014

IMG_6344

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအသိဉာဏ်ပစ္စည်း မူပိုင်ခွင့် စနစ်တွင် Trade-Related Aspects of Intellectual Property Rights-TRIPS Agreement ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် ဥပဒေ၊ မူပိုင်ခွင့်ဥပဒေစသည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများကိုလည်း ကျင်းပခဲ့ပါကြောင်း၊ ဘဏ္ဍာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုသည် အလွန်အရေးပါသောကိစ္စဖြစ်ပြီး အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ရုံး၏ အဓိကကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုတွင် လျော်ကြေးပေးခြင်း၊ ငှားရမ်းခြင်း၊ စီမံခန့်ခွဲမှုလုပ်ဆောင်ချက်၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု၊ ဘေးကင်းလုံခြုံမှု၊ ကောင်းမွန်တိုးတက်သော အကျိုးရလဒ်၊ အလုပ်သမားများ၏ လုပ်ဆောင်ချက်၊ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေးနှင့် အလေ့အကျင့်စသည်တို့သည် ပြည်သူလူထုနှင့် တိုက်ရိုက်ပတ်သက်နေသော ကိစ္စရပ်များဖြစ်ပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် နယ်ပယ်များတွင် တာဝန်ယူဆောင်ရွက် ရသော ဝန်ထမ်းများကို အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် တည်ဆောက်ရေး၏ အရေးပါခြင်း၊ ဝင်ငွေအစွန်းထွက်နှင့် ဘဏ္ဍာရေးမျှော်မှန်းချက်၏ အရေးပါခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုမူဝါဒနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးများ၏ မဟာဗျူဟာ၊ အသစ်ထပ်တိုးမည့် မူဝါဒများစသည်တို့ကို သိရှိနိုင်ရန် သင်တန်းပေးရခြင်း ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို သြစတေးလျနိုင်ငံ၊ သြစတေးလျအသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးမှ သက်ဆိုင်ရာ တာဝန်ရှိသူများက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သော မူဝါဒများနှင့် နည်းဗျူဟာများ၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးဆိုင််ရာ ကိစ္စရပ်များကို သင်တန်းပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ကြ၍ သင်တန်းကို နိုဝင်ဘာလ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

IMG_6344



Bookmark the permalink.

Comments are closed.