သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ အခမ်းအနား


Date : 19 November, 2014

IMG_6549

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်တွင် လက်တွေ့ကျသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မြင့်ပညာရေး တက္ကသိုလ် များဖွင့်လှစ်နိုင်ရန်အတွက် နည်းပညာတက္ကသိုလ်များကို ယခုပညာသင်နှစ်မှစ၍ B.E (၆) နှစ် သင်တန်းကို စတင်သင်ကြားပေးတော့မည်ဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်များတွင်လည်း ပြုပြင် ပြောင်းလဲမှုများအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားကြောင်း၊ သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီစေရေး၊ အရည်အသွေးမြင့်မားစေရေးနှင့် လက်တွေ့နယ်ပယ်ဖြစ်သော လုပ်ငန်းခွင် များတွင် လက်တွေ့ အသုံးချနိုင်သည့် အဆင့်အထိရောက်အောင် သင်ရိုးညွှန်းတမ်းများဖြစ်ရန် ပြင်ဆင်ထားကြောင်း၊ သင်ကြားမှုပိုင်းတွင် စာတွေ့၊ လက်တွေ့ဖြင့် ထိထိရောက်ရောက် သင်ကြားပေးလျက်ရှိပါကြောင်းနှင့် တက္ကသိုလ်များတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသားအချိုး ညီမျှရှိစေရန် ဆောင်ရွက်ထားရှိကြောင်း။
သင်ကြားမှု၊ သင်ယူမှုများ IT နည်းပညာအသုံးပြုနိုင်ရေးကို ဆောင်ရွက်ထားကြောင်း၊ စာသင်ဆောင်များ၊ Workshop များ၊ Lab ခန်းများအား နိုင်ငံတကာနှင့်အညီ ဖြစ်စေရန်အတွက် လိုအပ်သောပစ္စည်းများကိုလည်းဆောင်ရွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ဆရာ၊ ဆရာမများ၏ အရည်အချင်းမြင့်မားစေရန်နှင့် Lab ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်အတွက် စက်မှုနည်းပညာမြှင့်တင်ရေးဌာန (ဘယ်လင်း) တွင် သင်တန်းများကို ပို့ချသင်ကြားပေးနေကြောင်း၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးနှင့် ဘာသာရပ်များအလိုက် လက်တွေ့လုပ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ တက္ကသိုလ်များ အဆင့်မြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊၊
အစိုးရစက်မှုလက်မှုသိပ္ပံ (G.T.I) ကျောင်း ၁၀ ကျောင်းအား ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ ယခုပညာသင်နှစ်တွင် ၁၀ ကျောင်းထပ်မံဖွင့်လှစ်မည်ဖြစ်၍ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း ၁၀ ကျောင်းနှင့် စုစုပေါင်းကျောင်း ၃၀ ဖွင့်လှစ်သွားရန် လျာထားကြောင်း၊ G.T.I များတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (T.H.S) အောင်မြင်သူများတက်ရောက်ရန် T.H.S များတွင် အသက်ကန့်သတ်ချက် မထား တော့ဘဲ ရှစ်တန်းအောင် ကျောင်းသားများတက်ရောက်ရန် လျှောက်ထားနိုင်ကြောင်း၊ အသက် ကန့်သတ်ချက်၊ နှစ်ကန့်သတ်ချက်များ ဖြေလျော့ပေးခြင်းဖြင့် အမှန်တကယ်ကျွမ်းကျင်သူနှင့် ကျွမ်းကျင်လုပ်သားများအဖြစ် အလုပ်လုပ်ကိုင်လိုသူများ ကျောင်းများသို့ တက်ရောက်နိုင်ခွင့် ရရှိလာမှာဖြစ်ကြောင်း၊ Drop Out များ လျော့ကျစေရေး ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအား အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) များတွင် ကျောင်းသားဦးရေအများဆုံး သုံးရာခိုင်နှုန်းအထိ တိုးမြှင့်လက်ခံခြင်းနှင့် စပ်လျဉ်း၍ အဆင့်မြင့် တက္ကသိုလ်များသို့ တက်ရောက် ရန်အတွက် အဆိုပါဒေသများတွင် အမြဲနေထိုင်သူဖြစ်ရမည့်အပြင် ဒေသအတွက် ပြန်လည်အကျိုးပြု နိုင်မည့်သူဖြစ်ပါကြောင်း သက်ဆိုင်ရာဒေသအဖွဲ့အစည်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၏ ထောက်ခံချက်ဖြင့် လျှေက်ထားနိုင်မည်ဖြစ်ကြောင်း၊ အစိုးရစက်မှု လက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဝင်ခွင့်ကိစ္စများဖြေလျော့ခြင်း ကိစ္စရပ်များ ထပ်မံဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများကိုလည်း Capacity Building မြင့်မားရေး စီမံချက်အရ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အနေဖြင့်လည်း သက်ဆိုင်ရာဘာသာရပ်များကို ကြိုးကြိုးစားစား လေ့လာသင်ယူကြရေး ဝိုင်းဝန်းတိုက်တွန်းရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနနှင့် စက်မှုနှင့်သက်မွေးပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးမှ အသေးစိတ်ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

IMG_6549



Bookmark the permalink.

Comments are closed.