နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 20 November, 2014

IMG_1334

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနမှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ကျွမ်းကျင်သူများရရှိအောင် လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအား ခေတ်နှင့်အညီ သတင်းအချက်အလက်နည်းပညာကိုအခြေခံပြီး သင်ကြားပေးရန် လိုအပ် ကြောင်း၊ အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ရန် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားစေရေးအတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများတွင် ရေရှည်အတွက်အကျိုးပြုမည့် လိုအပ်သော စာသင်ဆောင်များ၊ Workshop ခန်းများ၊ Lab ခန်းများနှင့် စပ်လျဉ်း၍ ဆက်စပ်ပစ္စည်းများကို စာရင်းပြုစု၍ တင်ပြပေးကြရန်၊ နိုင်ငံတကာနှင့်အညီ ဖြစ်စေရန်အတွက် လိုအပ်သော ပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သင်ကြားရေး၊ စီမံရေး၊ ကျောင်းသားရေးရာနှင့် ဘဏ္ဍာရေးတို့ကို စီမံခန့်ခွဲရာတွင် နိုင်ငံတော်၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများအား သိရှိလိုက်နာဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်အလိုက် စီမံခန့်ခွဲမှုကို ကိုယ်တိုင်ရေးဆွဲ၍ ရှေ့လုပ်ငန်းစဉ်များအတွက် စီမံချက်များ ရေးဆွဲကာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် ရမှတ်နည်းပါးသူများစွာရှိနေ၍ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန်နှင့် ကျောင်းသားများ ပညာလေ့လာသင်ယူမှု၊ ဆရာ၊ ဆရာမများ၏သင်ကြားမှု နည်းစနစ်များနှင့် ဆက်လက်ဆောင်ရွက် သင့်သည့် ကိစ္စရပ်များကို သုံးသပ်ချက် အကြံပြုချက်များဖြင့် ပြန်လည်တင်ပြရန် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် ဥက္ကဌအဖြစ် ဆောင်ရွက်သည့် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဘာသာရပ်ကျွမ်းကျင်သူများပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်း၍ အမြန်အစီရင်ခံ တင်ပြရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေမှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက် ရေးတွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် အလွန်အရေးကြီးကြောင်း၊ ကျွမ်းကျင်သော နည်းပညာရှင် များကို မွေးထုတ်ပေးနိုင်မှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ တိုးတက်လာစေရေးအတွက် Mindset များကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် Vision နှင့် Mission များကို ဦးစီးဌာန (၉) ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများမှလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနနှင့် စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လက်ရှိဆောင် ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခချုပ်(တာဝန်)၊ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက မိမိတို့၏ တက္ကသိုလ်အလိုက် သင်ကြားရေး၊ စီမံရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

IMG_1334



Bookmark the permalink.

Comments are closed.