နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁၃/၂၀၁၄)


Date : 24 November, 2014

IMG_6744

နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင်အကောင် အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁၃/၂၀၁၄) ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ တောင်ပိုင်းရုံးခွဲ၌ ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဆွေးနွေးပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာ၌ အသိပညာရှင်၊ အတတ်ပညာရှင်များ လေ့ကျင့်မွေးထုတ်သည့် အဆင့်မြင့်ပညာကဲ့သို့ပင် ကျွမ်းကျင်လုပ်သားလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာများကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လေ့ကျင့် မွေးထုတ်နိုင်ရေး လိုအပ်သည့်အတွက် တိုးချဲ့ဖွင့်လှစ်ရမည့် အစီအမံများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ဒေသ၏ စီးပွားရေးလုပ်ငန်းအသီးသီးနှင့် လိုက်လျောညီထွေ ကိုက်ညီမည့် ဘာသာရပ်များဖြစ်ရေး၊ သင်တန်းနည်းပြဖြည့်တင်းရေး၊ သင်ထောက်ကူဖြည့်တင်းရေးတို့ကို တွက်ချက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် မူဝါဒနှင့် ဥပဒေများကို ပညာရှင်များ၊ Stakeholder များနှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် Vocational Training School နှင့် Vocational High School များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများတွင် ဒေသလိုအပ်ချက်များအလိုက် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးအတွက် ဖွင့်လှစ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် Vocational Training Center များကို ဒေသလိုအပ်ချက်များပေါ်မူတည်ပြီး နိုင်ငံတော်ရှိ မြေနေရာ အဆောက်အအုံများတွင် ဘာသာရပ်အမျိုးမျိုးအတွက် စုစုစည်းစည်းသင်ကြားပေးနိုင်ပါက နိုင်ငံတော်၏လိုအပ်ချက်၊ ဒေသလိုအပ်ချက်များကို လျှင်မြန်စွာဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြပြီး စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဝန်ကြီးဌာနများမှ ပေးပို့လာသော နည်းပညာနှင့်သက်မွေးပညာရေးဥပဒေ(မူကြမ်း) အကြံပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများမှ နည်းပညာနှင့်သက်မွေးပညာကဏ္ဍနှင့် ပတ်သက်၍ Vocational သင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

IMG_6744



Bookmark the permalink.

Comments are closed.