အမျိုးသားသိပ္ပံနှင့်နည်းပညာမူဝါဒ(မူကြမ်း)နှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း) ပြုစုနိုင်ရေး ညှိနှိုင်းအစည်းအဝေး


Date : 25 November, 2014

IMG_6899

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော အမျိုးသားသိပ္ပံနှင့်နည်းပညာမူဝါဒ(မူကြမ်း)နှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ (မူကြမ်း) ပြုစုနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီဆောင်ရွက်လျက်ရှိပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုး ရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ် ပါကြောင်း၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေရှိစေမည့် အမျိုးသားအဆင့် သိပ္ပံနှင့်နည်းပညာမူဝါဒ ပေါ်ထွက်လာရေးနှင့် ဥပဒေတစ်ရပ်ပေါ်ပေါက်လာရေးသည် အရေးကြီး ပါကြောင်း၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်မှုများသည် ဒွန်တွဲလျက်ရှိပါ၍ ယခုအခါ Science Technology and Innovation (STI) ဟု သုံးစွဲလာပါကြောင်း၊ STI Law ရေးဆွဲရေးအတွက် နည်းပညာနယ်ပယ်စုံ၊ ကဏ္ဍစုံပါဝင်ဆောင်ရွက်နိုင်စေရေး၊ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ရေးအတွက် နိုင်ငံတကာ ဥပဒေများကို လေ့လာရန်လိုအပ်ပါကြောင်း။
သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း) (သို့မဟုတ်) STI Law (မူကြမ်း) ကို ရေးဆွဲ ရာတွင် ရေရှည်အသုံးပြုနိုင်မည့် အမှန်တကယ်အကျိုးပြုပြီး လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်နိုင်မည့် ဥပဒေဖြစ်ရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍမှပါဝင် ဆောင်ရွက်နိုင်ရေး သည်လည်းအရေးကြီးပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေး၌ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ် ပြောင်းလဲမှုကိုလည်း မျက်ခြေမပြတ်လိုက်ပါဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ဥပဒေသစ်တွင် ပြုပြင်ရန်၊ ဖြည့်စွက်နိုင်ရန်အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အမျိုးသားသိပ္ပံနှင့်နည်းပညာမူဝါဒ(မူကြမ်း)၊ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)နှင့် ဖွဲ့စည်းဆောင်ရွက်အဆိုပြုပုံစံ မူကြမ်းများကိုဆွေးနွေးခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့အစည်း အသီးသီးမှ ဥက္ကဌများ၊ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး မိမိတို့၏ လုပ်ငန်းနယ်ပယ်အလိုက် အတွေ့အကြုံများနှင့် နိုင်ငံတကာအတွေ့အကြုံများ အပေါ်အခြေခံပြီး ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အကြံပြု ခဲ့ကြကြောင်း သတင်းရရှိသည်။

IMG_6899



Bookmark the permalink.

Comments are closed.