နျူကလီးယားလုပ်ငန်းနှင့်လုပ်ဆောင်မှုများထိန်းချုပ်စောင့်ကြပ်ရေးဆိုင်ရာ National Workshop on Safeguards အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Date : 4 December, 2014

IMG_7780

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့ ပူးပေါင်း၍ နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများထိန်းချုပ်စောင့်ကြပ်ရေး (Safeguards) နှင့် စပ်လျဉ်းသည့် National Workshop on Safeguards အလုပ်ရုံဆွေးနွေးဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၃) ရက်နေ့တွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်တွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ကျော်မြတ်မှ အဖွင့်အမှာ စကားပြောကြားသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခု Workshop သည် နျူကလီးယား လုပ်ငန်းနှင့် လုပ်ဆောင်မှုများထိန်းချုပ်စောင့်ကြပ်ရေး (Safeguards) နှင့် စပ်လျဉ်း၍ ဒုတိယ အကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ နောက်ဆက်တွဲစာချုပ် (Additional Protocol) အား လက်မှတ်ရေးထိုးပြီးနောက် အာဏာသက်ဝင်ရန်အတွက် လိုအပ်သည့် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (Non Proliferation of Nuclear Weapons-NPT)ကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာကပင် လက်မှတ်ရေးထိုးထားရှိပါကြောင်း၊ ပြီးပြည့်စုံသော နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများထိန်းချုပ်စောင့်ကြပ်ရေး သဘောတူစာချုပ် Comprehensive Safeguards Agreement နှင့် နျူကလီးယားဒြပ်ပစ္စည်းပမာဏ အနည်းငယ်သာ ပိုင်ဆိုင်သော (သို့မဟုတ်) လုံးဝ ပိုင်ဆိုင်ခြင်းမရှိသော နိုင်ငံများချုပ်ဆိုသည့်စာချုပ် Small Quantity Protocol ကို ၁၉၉၅ ခုနှစ်၊ ဧပြီလတွင် ချုပ်ဆိုထားရှိပါကြောင်း၊ အဏုမြူစွမ်းအင်ဦးစီးဌာနသည် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိပြီး ဆက်စပ်ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် များကိုတောင်းခံထားပါကြောင်း၊ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဥပဒေ(မူကြမ်း)နှင့် ဆက်စပ်နည်းဥပဒေမူကြမ်းကိုလည်း တစ်ပြိုင်နက် ရေးဆွဲလျက်ရှိပါကြောင်း၊ ထို့အပြင် နျုကလီးယား သုတေသနနှင့် အသုံးချမှုဥပဒေ(မူကြမ်း) Nuclear Research and Application Law ကို လက်ရှိဥပဒေအားအစားထိုးရန် ရေးဆွဲလျက်ရှိပါကြောင်း၊ နျူကလီးယားဒြပ်ပစ္စည်းများစာရင်း ပြုစု ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံ၏စနစ် (State System of Accounting for and Control of Nuclear Materials) ဆိုင်ရာ ကော်မတီတစ်ရပ်ကို ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ Additional Protocol အာဏာသက်ဝင်ရန် အတွက် နျူကလီးယားဒြပ်ပစ္စည်းများစာရင်းကို ပြုစုနိုင်ရန် ယခု Workshop သည် လိုအပ်သည့် သတင်းအချက်အလက်များနှင့် လုပ်ငန်းစဉ်များကို သိရှိနိုင်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)မှ ကျွမ်းကျင်သူ (၄) ဦး လာရောက်၍ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်၏ နောက်ဆက်တွဲစာချုပ်နှင့် တိုးချဲ့ဖြည့်စွက်ထားသည့် နျူကလီးယားပစ္စည်းပမာဏအနည်းငယ်သာပိုင်ဆိုင်သော (သို့မဟုတ်) လုံးဝ ပိုင်ဆိုင်ခြင်းမရှိသောနိုင်ငံများနှင့် ချုပ်ဆိုသောစာချုပ်များအား အကောင်အထည်ဖော်ဆောင် နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများအား IAEA ၏ နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများထိန်းချုပ်စောင့်ကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအား ပိုမို နားလည်သဘောပေါက်စေရန် ဆွေးနွေးကြမည်ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးတွင်လည်း သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ကြမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့ထိ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်ပေါင်း (၃၀) ဦးနှင့် လေ့လာသူများတက်ရောက်ကြသည်။

IMG_7780



Bookmark the permalink.

Comments are closed.