Samsung Tech Institute Mobile Application Training Awarding အခမ်းအနား


Date : 5 December, 2014

IMG_7865

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပသော ကွန်ပျူတာတက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သည့် Samsung Tech Institute, Android Mobile Application Development ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ကွန်ပျူတာတက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုးတက်ပြောင်းလဲလာသော နည်းပညာသစ်များကို လက်တွေ့လေ့လာနိုင်ရန်၊ မိုဘိုင်းနည်းပညာနှင့်ပတ်သက်သော နည်းပညာများကို လေ့လာ သိရှိခြင်းအားဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချနိုင်ရန်၊ သင်တန်းမှရရှိသော နည်းပညာအတွေ့အကြုံ၊ Project လုပ်ဆောင်ခြင်း အတွေ့အကြုံများမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူပြုမည့် သတင်းအချက်အလက်နှင့် မိုဘိုင်းလ်နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာစေရန် စသည့်အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ပါမောက္ခချုပ်နှင့် Samsung Myanmar Electronic Co., Ltd, မှ Managing Director တို့က ပြိုင်ပွဲကျင်းပရခြင်း၊ သင်တန်းများပေးခြင်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအထက်ပိုင်းရှိ ကွန်ပျူတာတက္ကသိုလ်အသီးသီးမှ သင်တန်းသား ၅၀ ဦးနှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ ကွန်ပျူတာတက္ကသိုလ်အသီးသီးမှ သင်တန်းသား ၅၀ ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပထမအဆင့် ၁၀ ဦးစီရွေးချယ်ကာ စုစုပေါင်း ၂၀ ဦးကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် မွမ်းမံလေ့ကျင့်ပေးခဲ့ပြီး နောက်ဆုံးအဆင့် ယဉ်ပြိုင်စေခြင်း ဖြစ်ပါသည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆုအား ကွန်ပျူတာတက္ကသိုလ်(လားရှိုး)မှ ပြိုင်ပွဲဝင် နှစ်ဦးက လည်းကောင်း၊ ဒုတိယဆုအား ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ ပြိုင်ပွဲဝင် နှစ်ဦးက လည်းကောင်း၊ တတိယဆုအား ကွန်ပျူတာတက္ကသိုလ်(မြိတ်)မှ ပြိုင်ပွဲဝင် နှစ်ဦးကလည်းကောင်း ဆုများ အသီးသီးရရှိကြသည်။
ပထမဆုအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုအား အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှလည်းကောင်း၊ တတိယဆုအား Samsung Myanmar Electronic Co., Ltd, မှလည်းကောင်း အသီးသီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

IMG_7865



Bookmark the permalink.

Comments are closed.