တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုအပ်ချက်နှင့်အညီ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း၊ ပညာသင်ကျောင်းများနှင့် သိပ္ပံများဖွင့်လှစ်ရေးညှိနှိုင်းဆွေးနွေး


Date : 9 December, 2014

IMG_8169

ပြုပြင်ပြောင်းလဲမှုများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် အများပြည်သူ၏ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသည် လွန်စွာအရေးပါသော အခန်းကဏ္ဍ တစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါသည်။ ထို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ လိုအပ်ချက် နှင့်အညီ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများနှင့် သိပ္ပံများ ဖွင့်လှစ်ရေးညှိနှိုင်းဆွေးနွေးပွဲအား ယနေ့နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲ၌ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းမှ ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံ၏ လျင်မြန်စွာပြောင်းလဲ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ တိုင်းဒေသကြီး/ ပြည်နယ်များ၌ လုပ်ငန်းကဏ္ဍတိုင်းတွင် နည်းပညာနှင့်သက်မွေးပညာ ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်လာပါကြောင်း၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ စက်မှုလက်မှု၊ လျှပ်စစ်စွမ်းအင်၊ ဆောက််လုပ်ရေး၊ ဆက်သွယ် ပို့ဆောင်ရေးနှင့် ဆရာအတတ်သင်၊ သူနာပြုသားဖွားမှ ရုံးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း အတတ်ပညာများအထိ အသက်မွေးဝမ်းကျောင်းလုပ်ငန်း နယ်ပယ်အသီးသီးတွင် နည်းပညာကျွမ်းကျင်သူများနှင့် ကျွမ်းကျင်လုပ်သားများ လိုအပ်လျက်ရှိပါကြောင်း။
တစ်ဘက်က အလယ်တန်း၊ အထက်တန်းကျောင်းတက်နှုန်းမြင့်မားအောင် မူလတန်း၊ အလယ်တန်းအခမဲ့ပညာရေး၊ ထောက်ပံ့ကြေးများအပြင် ကျောင်းပြင်ပ ပညာရေးတိုးမြှင့် ဆောင်ရွက် ပေးနေသော်လည်း ပညာသင်ကြားမှုထက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်လိုသူ အရေအတွက်သည်လည်း အခြားနိုင်ငံများနည်းတူ တိုးပွားလျက်ရှိသဖြင့် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်ကျောင်းများ၊ သိပ္ပံများကို ပိုမိုတိုးချဲ့ဖွင့်လှစ်ရန် လိုအပ်လာပါကြောင်း၊ ထို့အပြင် အလုပ်လုပ်ရင်း စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရန်လိုအပ်လာပါကြောင်း။
ထို့ကြောင့် ဝန်ကြီးဌာနအသီးသီးသာမက ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်း အသီးသီး ကလည်း နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးပညာသင်တန်းမျိုးစုံ တိုးချဲ့ဖွင့်လှစ်လျက်ရှိပါကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ဒေသအသီးသီးတွင် သင်တန်းကျောင်း၊ သိပ္ပံမျိုးစုံ တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်လာကြရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့တွင်း၌ မြေနေရာအခက်အခဲ ရှိလာသည့်အပြင် သီးခြားကျောင်း၊ သိပ္ပံမျိုးစုံ တည်ထောင်ထူထောင်ရန် ဘဏ္ဍာငွေများစွာ ပိုမိုကုန်ကျလာနိုင်သဖြင့် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းနှင့် သိပ္ပံများကို အခြားနိုင်ငံများကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာသင် အထက်တန်းကျောင်းများ၊ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာသင်သိပ္ပံ၊ Polytechnic/ Technical and Vocational Education and Training Center/ Institute များအဖြစ် တိုင်းဒေသကြီး/ ပြည်နယ်များ၏ လိုအပ်ချက်နှင့်အညီ စုပေါင်းဖွင့်လှစ်ရေး၊ ထိုသို့ဆောင်ရွက်ရာ၌ လက်ရှိဖွင့်လှစ်ပြီးသော ကျောင်းများ၊ သိပ္ပံများ၏ အစဉ်အလာနှင့် ကျောင်းသားဦးရေ အပေါ်မူတည်ပြီး လက်ရှိအတိုင်း ဆက်လက်ဖွင့်လှစ်သွားရန် ဆွေးနွေးညှိနှိုင်း ကြရန်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်များကလည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းအသီးသီးတွင် လိုအပ်လျက်ရှိသော နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင် လုပ်သားများ လေ့ကျင့်မွေးထုတ်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ (Human Resource Development Plan) များ ရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတို့ ဆွေးနွေးညှိနှိုင်းပြီး ကျောင်းများ၊ သိပ္ပံများအား လိုအပ်ချက်နှင့်အညီ Demand Driven Approach ဖြင့် အစိုးရသာမက၊ အစိုးရနှင့်ပုဂ္ဂလိက၊ ပုဂ္ဂလိကကျောင်း၊ သိပ္ပံများကို အကျိုးရှိထိရောက်အောင် ဖွင့်လှစ်သွားကြရေး၊ ကျွမ်းကျင်မှုစံသတ်မှတ်ချက် (Skill Standard) နှင့်အညီ လက်တွေ့တတ်ကျွမ်းပြီး လုပ်ငန်းခွင်တွင် တိုက်ရိုက်လုပ်ကိုင်နိုင်သည့် သင်ကြားမှု၊ သင်ယူမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီး Task Force ဥက္ကဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်နှင့်အညီ Vocational Training ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် Task Force အဖွဲ့တွင် ပါဝင်သော ဒုတိယဝန်ကြီးများနှင့် သွားရောက်၍ ဒေသလိုအပ်ချက်များအရ ဆောင်ရွက်ရန်ရှိပါကြောင်း၊ တိုင်းဒေသကြီးနင့် ပြည်နယ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းအသီးသီးဖွင့်လှစ်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများ အောက်ရှိ အချို့သင်တန်းကျောင်းများကို Demand Driven Approach နှင့်အညီ ဘာသာရပ်များတိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသ၏ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်အရ ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေးအတွက် Skill Structure ကို ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ ရေးဆွဲထားပါကြောင်း၊ Skill Structure ကို နိုင်ငံတော်၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေမှုရှိစေရန် သင်ရိုးညွှန်းတမ်းများကိုလည်း ရေးဆွဲပြီး သင်ကြားပေးနိုင်ရန်နှင့် သင်တန်းပြီးဆုံးပါက Certificate ထုတ်ပေးနိုင်ရေးနှင့် Diploma လက်မှတ် ထုတ်ပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်တို့တွင်ရှိသော အချို့သိပ္ပံများ၊ ကျောင်းများအားလိုအပ်သော ဘာသာရပ်စုံလင်စွာ သင်ကြားနိုင်ရေးအတွက် ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ကိုဆောင်ရွက်မှသာ နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများမှ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများနှင့် သိပ္ပံများဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး မွန်းလွဲ ၁ နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။ ယင်းညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာ ဆက်စပ် ဝန်ကြီးဌာန (၁၈) ခုမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

IMG_8169



Bookmark the permalink.

Comments are closed.