အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 29 January, 2015

IMG_0284

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စက်မှုနှင့်သက်မွေးပညာဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းများသည် လက်တွေ့ကျပြီး ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်း များကို ရေးဆွဲရာတွင် နိုင်ငံတကာအဆင့်မီစေရန် လိုအပ်ပါကြောင်း၊ ပြီးခဲ့သော ပညာသင်နှစ် အလိုက် ရရှိလာသည့် အတွေ့အကြုံများအရ ပြင်ဆင်ရန်နှင့် ဖြည့်ဆည်းရန်လိုအပ်သော သင်ရိုးညွှန်းတမ်း များတွင် လိုအပ်မည့် သင်ခန်းစာများကို ထည့်သွင်းဖြည့်စွက်သွားရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်တတ်မြောက်သည့် ကျွမ်းကျင်ပညာရှင်များဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာ ကြရန်လိုကြောင်း၊ Technical Teacher Training ကိုလည်းပေးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ကျောင်းများအလိုက် စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် Workshop များကို ပြည့်စုံမှုရှိ စေရေးနှင့် လက်တွေ့ပစ္စည်းများ ပြည့်ပြည့်စုံစုံနှင့် သင်ကြားပေးရန်လိုအပ်ကြောင်း။
အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ရေး အတွက် ဆရာ၊ ဆရာမများအနေဖြင့် စာတွေ့၊ လက်တွေ့ ထိထိမိမိသင်ကြားပေးရန်နှင့် စာသင်ခန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အချိုးညီမျှမှုရှိစေရန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အချိုးညီမျှမှုရှိစေရန် လိုအပ်ပါကြောင်း၊ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ (၃) ရပ် ရှိသည့်အနက် နည်းပညာနှင့်သက်မွေးပညာရေး ကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ အရည် အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် နည်းပညာကျွမ်းကျင်မှု အဆင့်အတန်းကိုလည်း အမျိုးသားနည်းပညာကျွမ်းကျင်မှု စံသတ်မှတ်ချက်များနှင့်အညီ အလေးထား ဆောင်ရွက်မှသာ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေမှ စီမံရေးရာကိစ္စရပ်များ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ Task Force အဖွဲ့မှ ဆောင်ရွက်နေသော နည်းပညာနှင့် သက်မွေးပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုနှင့် သက်မွေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စက်မှုနှင့်သက်မွေး ပညာဦးစီးဌာနအောက်ရှိ သိပ္ပံ၊ ကျောင်းများမှ ကျောင်းအုပ်ကြီး(တာဝန်)များ တက်ရောက်ခဲ့ပြီး သင်ရိုးညွှန်းတမ်းနှင့် စီမံရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

IMG_0284



Bookmark the permalink.

Comments are closed.