မြန်မာနိုင်ငံသတင်းအချက်အလက် နည်းပညာဥပဒေမူကြမ်း ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး


Date : 6 March, 2015

IMG_1335

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ မတ်လ (၆) ရက်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံသတင်းအချက်အလက် နည်းပညာဥပဒေမူကြမ်း ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံသတင်းအချက်အလက်နည်းပညာ ဥပဒေမူကြမ်းအား ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများရရှိရန်လည်း လိုအပ်ပါကြောင်း၊ သတင်းအချက်အလက်နည်းပညာဥပဒေသည် ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးတိုးတက်စေရေး၊ အကျိုးရှိစွာအသုံးချ နိုင်ရေးအတွက် ဥပဒေတွင် ပြည့်စုံစွာပါဝင်စေရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြပါရန် ပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဘရွှေနှင့် ဒေါက်တာအောင်ကျော်မြတ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသတင်းအချက်အလက် နည်းပညာဥပဒေမူကြမ်းအပေါ် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အတွေ့အကြုံ များအား အခြေခံပြီး ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.