တက္ကသိုလ်များပေါင်းစပ် ညှိနှိုင်းရေးအစည်းအဝေး


Date : 9 March, 2015

IMG_1454

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ မတ်လ (၉) ရက်နေ့ နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များ၏ စီမံရေးရာနှင့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက္ကသိုလ်ပညာရေးမြင့်မားရေး အတွက် ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများတွင် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် ကိုက်ညီစေရေးဆောင်ရွက်ရာတွင် တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် Autonomous University အဖြစ် အသွင် ကူးပြောင်းရေးကာလ လုပ်ငန်းစဥ်အတွက် ယခုအစည်းအဝေးသည် ဒုတိယအကြိမ် အစည်းအဝေး ြဖစ်ပါကြောင်း၊ နိုင်ငံတော်၏ လက်ရှိရည်မှန်းချက်များနှင့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပါမောက္ခချုပ်များနှင့် ကျောင်းအုပ် ကြီးများအနေဖြင့် လာမည့်ဘဏ္ဍာရေးနှစ်မှစ၍ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် များကို ပညာရေးဝန်ကြီးဌာနသို့ ယာယီလွှဲပြောင်းမည်ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှု နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတွင် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေး ဌာနထားရှိပြီး နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များအတွက် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတွင် လက်ရှိဦးစီးဌာန (၉) ခု ဖြစ်သော်လည်း လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ ဦးစီးဌာန (၅) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများသည် အင်ဂျင်နီယာပညာရပ်တိုးတက်ဖွံ့ဖြိုးရေး၊ ကွန်ပျူတာပညာရပ်တိုးတက်ဖွံ့ဖြိုးရေး၊ နိုင်ငံတော်၏ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက် ရမည်ဖြစ်ပြီး ပို၍ကြီးမားသောတာဝန်များကို ထမ်းဆောင်ရမည်ြဖစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် တိုက်ရိုက်လမ်းညွှန်မှုများ တစ်ဖြေးဖြေးပပျောက်သွားပြီး ဥပဒေအရ (၄) နှစ်ကျော် ကာလ မတိုင်မီ Autonomous University အဖြစ်သို့ ရောက်ရှိမည်ဖြစ်ပါကြောင်း။
နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များကို Autonomous University အဖြစ် ဆောင်ရွက်တော့မည်ဖြစ်၍ မိမိတို့၏ တက္ကသိုလ်တစ်ခုချင်းစီအလိုက် တာဝန်ကိုယ်စီ ရှိကြပြီး ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များထား၍ သုတေသနဆိုင်ရာကိစ္စရပ်များ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စများ၊ သင်ကြားရေး၊ ကျောင်းသားရေးရာ၊ ဆရာရေးရာကိစ္စများ၊ ဝန်ထမ်းရေးရာစသည့်တို့ကို သက်ဆိုင်ရာတက္ကသိုလ်များကသာ တာဝန်ယူ ဆုံးဖြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများသည် နိုင်ငံတော်၏ မူဝါဒနှင့် ဝန်ထမ်းများ၏ စည်းမျဥ်း၊ စည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက် သွားကြရန်နှင့် တက္ကသိုလ်များပေါင်းစပ် ညှိနှိုင်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဝိုင်းဝန်းဆွေးနွေး ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ တက္ကသိုလ်များပေါင်းစပ် ညှိနှိုင်းရေးအစည်းအဝေးသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဘရွှေနှင့် ဒေါက်တာအောင်ကျော်မြတ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တက္ကသိုလ််များပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ဆွေးနွေးတင်ပြခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.