မြန်မာနိုင်ငံနယ်စပ်ဂိတ်များတွင် ဓာတ်ရောင်ခြည်တိုင်းတာခြင်းနှင့် တုံ့ပြန်နိုင်မှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အမျိုးသားအဆင့်အဖွဲ့အစည်းများ အစည်းအဝေးပွဲကျင်းပ


Date : 31 March, 2015

20150330_100746

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၊ Department of Nuclear Safety and Security မှ မြန်မာနိုင်ငံနယ်စပ်ဂိတ်များတွင် ဓာတ်ရောင်ခြည်တိုင်းတာခြင်းနှင့် တုံ့ပြန်နိုင်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အမျိုးသားအဆင့် အဖွဲ့အစည်းများအစည်း အဝေးကို ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့ဟိုတယ်တွင် ၂၀၁၅ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယခုအစည်းအဝေးသည် မြန်မာနိုင်ငံ၏ နျူကလီးယား လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများအတွက် ရေးဆွဲထားသည့် Intergrated Nuclear Security Support Plan အရ ကုန်စည်စီးဆင်းမှုရှိသော နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် နျူကလီးယား လုံခြုံရေးဆိုင်ရာအကောင်အထည်ဖော်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်နေသူများအား နျူကလီးယား လုံခြုံရေးဆိုင်ရာ တိုင်းတာမှုနည်းစနစ်များ၊ တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုသိရှိနားလည်လာစေရန်နှင့် အခြား အိမ်နီးချင်းနိုင်ငံများ၌ ဆောင်ရွက်နေမှုများကို အတွေ့အကြုံဖလှယ်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ဓာတ်ရောင်ခြည်ပင်ရင်းများကို စက်မှု၊ ကျန်းမာရေး၊ သုတေသနနှင့် သင်ကြားရေးကဏ္ဍများတွင် ပိုမိုအသုံးပြုလာကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဓာတ်ရောင်ခြည် လုံခြုံမှုနှင့် ဘေးကင်းမှုသည် ပိုမိုအရေးပါလာကြောင်း၊ နယ်စပ်ဒေသများတွင် ရေဒီယိုသတိ္တိကြွ ပစ္စည်းများအား တရားမဝင်ရောင်းဝယ်ခြင်း၊ ဓာတ်ရောင်ခြည်အန္တရာယ်ကျရောက်ခြင်းမှ ထိန်းချုပ်ရန် အရေးကြီးလာပါကြောင်း၊ မြန်မာနိုင်ငံသည် နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွ ပစ္စည်းများ တရားမဝင်ရောင်းဝယ်ခြင်း ကာကွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နျူကလီးယားလုံခြုံရေးကိစ္စရပ်များတွင် Incident and Trafficking Database နှင့် Integrated Nuclear Security Support Plan တွင် ပါဝင်ဆောင်ရွက်နေပါကြောင်း၊ ရေဒီယိုသတ္တိကြွနှင့် ပိုင်ရှင်မဲ့ဓာတ်ရောင်ခြည် ပင်ရင်းများရှာဖွေခြင်းနှင့် လုံခြုံရေးဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများပါဝင်၍ ပြုလုပ်ကျင်းပခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးပွဲသို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် အာဆီယံ ဒေသတွင်းမှ ကျွမ်းကျင်သူ (၄) ဦး လာရောက်၍ နျူကလီးယားလုံခြုံရေးဆိုင်ရာ တိုင်းတာမှုများ၊ တု့ံပြန်ဆောင်ရွက်မှုများအား ပိုမိုသိရှိနားလည်လာစေရန်နှင့် ၎င်းတို့၏ အတွေ့အကြုံများအား ဆွေးနွေးဖလှယ်ကြမည်ဖြစ်ပြီး လက်တွေ့ဆောင်ရွက်မှုအနေဖြင့် အကောက်ခွန်ဦးစီးဌာနမှ ကုန်စည်စိစစ်မှုဆောင်ရွက်နေသည့် ရန်ကုန်ဆိပ်ကမ်းသို့ သွားရောက်လေ့လာဆောင်ရွက် လေ့ကျင့်ကြမည်ဖြစ်ပါသည်။
အဆိုပါ အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်ပေါင်း (၃၀) ဦးနှင့် လေ့လာသူများတက်ရောက်ခဲ့ကြပြီး အစည်းအ‌ေဝးကို မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.