စင်ကာပူ-မြန်မာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်း (Singapore- Myanmar Vocational Training Institute – SMVTI) ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်


Date : 31 March, 2015

IMG_2208

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ၊ သံအမတ်ကြီး H. E. Mr. Robert Chua အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

               ထိုသို့တွေ့ဆုံရာတွင် စင်ကာပူအသိအမှတ်ပြုကောင်စီ (Singapore Accreditation Council) သည် မြန်မာနိုင်ငံ၏ အသိအမှတ်ပြု အခြေခံအဆောက်အဦတည်ထောင်ရာတွင် နည်းပညာအကူအညီပေးရေး အစီအစဉ်အရ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနမှ အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေသူများနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးသောအဖွဲ့များကို သင်တန်းပို့ချပေးသွားရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

               ထို့အပြင် စင်ကာပူနိုင်ငံ၏အကူအညီဖြင့် ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့် စင်ကာပူ-မြန်မာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်း (Singapore- Myanmar Vocational Training Institute – SMVTI) ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း (Renovation) အခြေအနေများနှင့် နည်းပြခန့်ထားနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

               ယခုဖွင့်လှစ်မည့် စင်ကာပူ-မြန်မာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးသင်တန်း ကျောင်းတွင် အီလက်ထရောနစ်ဆိုင်ရာကျွမ်းကျင်မှု (Electrical Skills and Electronics)၊ အဆောက်အဦနှင့် ဝန်ဆောင်မှုများဆိုင်ရာစီမံခန့်ခွဲမှု (Facilities Management)၊ စက်မှုအတတ် ပညာဆိုင်ရာ ဝန်ဆောင်မှု (Engineering Services) နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး (Hospitality and Tourism) စသည့် ဘာသာရပ် (၄) ခုအား သင်ကြား ပို့ချသွားမည် ဖြစ်ပါသည်။

               အဆိုပါတွေ့ဆုံပွဲသို့ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.