ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်


Date : 26 April, 2015

WIPO

ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လူမှုစီးပွားနှင့်ယဉ်ကျေးမှုကဏ္ဍများ မြှင့်တင် နိုင်စေရန်အတွက် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများကို ထိထိရောက်ရောက် အသုံးချနိုင်ရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းစဉ်များ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယနေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်နေ့၏ ဆောင်ပုဒ်မှာ “နိုးထဂီတစောင့်ရှောက်ကြ” ဖြစ်ပါကြောင်း၊ အဆိုပါ ဆောင်ပုဒ်သည် တေးဂီတထုတ်လုပ်မှု ကဏ္ဍ၏ လိုအပ်ချက်ကို မြှင့်တင်နိုင်ရန်ထင်ဟပ်စေပါကြောင်း၊ အင်တာနက်၊ ဒစ်ဂျစ်တယ်နည်းပညာတို့ ကဲ့သို့သော အချို့သောနည်းပညာဆိုင်ရာ ပြောင်းလဲမှုများသည် ယနေ့ ခေတ်ဂီတလုပ်ငန်းစု၏ အခြေခံ အရင်းအမြစ်ကို ထင်ဟပ်သက်ရောက်စေပါကြောင်း၊ တေးဂီတဆိုင်ရာ နည်းပညာ ယူဆချက်များမှာ ကူးယူခြင်းဖြင့်သော်လည်းကောင်း၊ ငွေကြေးဖြင့်ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း၊ ဖန်တီးသူ တို့ထံမှ တိုက်ရိုက်ဝယ်ယူခြင်းတို့ဖြင့်သော်လည်းကောင်း ရရှိနိုင်ပါကြောင်း၊ အဆိုတော်များ၊ တေးရေးဆရာများ၊ ဂီတပညာရှင်များနှင့် ပုံနိုပ်ထုတ်ဝေသူများ၊ ထုတ်လုပ်သူများ၊ စီစဉ်သူများ၊ အင်ဂျင်နီယာများနှင့် အခြားသော ပုဂ္ဂိုလ်များ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော ဖန်တီးနိုင်သူများ၏ စိတ်ဖိစီးမှုနှင့် အလုပ်ပင်ပန်းမှုတို့ကို ဖြေဖျောက်စေသည့်အရာမှာ ဂီတဖြစ်ပါကြောင်း၊ ၎င်းတို့၏ ဖန်တီး ကြိုးစားမှုများကို ထိပါးချိုးဖောက်မှုမှ အကာအကွယ်ပေးနိုင်ရန်နှင့် ဖန်တီးမှုများကို လေးစားတန်ဖိုး ထားသင့်ပါကြောင်း။
နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝတိုးတက်ရေးတို့ကို မြှင့်တင်နိုင်ရန်အတွက် အသိဉာဏ် ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းသည် အဓိက သော့ချက်ဖြစ်ပါကြောင်း၊ အဆိုပါ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းသည် ပြည်သူလူထုအကြား တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို ကူညီဆောင်ရွက်ပေးရာ ရောက်သဖြင့် နိုင်ငံတစ်ဝန်းစီးပွားရေးယှဉ်ပြိုင်မှုများ ဖြစ်ပေါ် စေပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ဒုတိယ ဥက္ကဌ ဦးသိန်းဟန်နှင့် မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဥက္ကဌ ဒေါက်တာစိန်ဝင်း တို့က မိန့်ခွန်းပြောကြားခဲ့ပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး က WIPO မှ ပေးပို့လာသော သဝဏ်လွှာအား ဖတ်ကြားပေးပြီး မြန်မာနိုင်ငံ၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ဖော်ဆောင်မှုအခြေအနေများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တာဝန်ရှိသူနှင့် Japan Experiences on Intellectual Property System ကို Japan Patent Office (JPO) and Intellectual Property Advisor, MOST နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ IP Section မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
အဆိုပါ ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားဖွင့်ပွဲကို ဧပြီလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ဒုတိယ ဥက္ကဌနှင့် မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ဥက္ကဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.