Post Graduate Diploma in Software Development ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ (PGDSD) သင်တန်းဆင်း ဘွဲ့လက်မှတ်ချီးမြှင့်အပ်နှင်းခြင်း


Date : 28 April, 2015

IMG_624

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology – MIIT) နှင့် အိန္ဒိယနိုင်ငံ၊ (India Institute of Information Technology, Bangalore – IIIT-B) တက္ကသိုလ်တို့အကြား ပူးပေါင်းဖွင့်လှစ်သည့် Post Graduate Diploma in Software Development (PGDSD) သင်တန်းဆင်း ဘွဲ့လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ နံနက် ၉ နာရီတွင် မန္တလေးကွန်ပျူတာတက္ကသိုလ်၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သတင်းအချက်အလက်နှင့်နည်းပညာခေတ်ကြီးတွင် နယ်ပယ် ကဏ္ဍစုံ၌ ဖွံ့ဖြိုးတိုးတက်ပြီး ယှဉ်ပြိုင်အားသာချက်များရယူနိုင်ရေးအတွက် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communications Technology – ICT) အား အကျိုးရှိစွာအသုံးပြုရမည်ကို နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းစွာနားလည်ပါကြောင်း၊ ICT ဆိုင်ရာ Long Term Master Plan ကို ရေးဆွဲ ထားရှိပြီး၊ ပိုမိုကောင်းမွန်ပြည့်စုံစေရန်၊ ခေတ်နှင့်လျော်ညီမှု ရှိစေရန်အတွက် ICT Master Plan ကို အမြဲပြောင်းလဲ ဖြည့်စွက်ရေးဆွဲနိုင်ရန်လည်း အစဉ်တွန်းအားပေး လျက်ရှိပါကြောင်း။
ယနေ့ ကျင်းပသည့် အခမ်းအနားသည် ICT ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးအတွက် အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်ရာမှ ထွက်ပေါ်လာသော ရလဒ်ကောင်းဖြစ်ပါကြောင်း၊ အိန္ဒိယအစိုးရမှ ပူးပေါင်းပါဝင်ဖွင့်လှစ်သည့် PGDSD ဘွဲ့လွန်ဒီပလိုမာ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး ကို PGDSD ဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ်ချီးမြှင့်နိုင်ပြီး ဖြစ်ပါကြောင်း၊ ယခု PGDSD ဘွဲ့လွန်ဒီပလိုမာ သင်တန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် MIIT ကို မန္တလေးမြို့တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ် ပင်မအဆောက်အဦ တည်ဆောက်နေစဉ်အတွင်း မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ယာယီဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၉) လ ဖြစ်ပြီး ပထမသင်တန်းကာလ (၆) လကို အိန္ဒိယနိုင်ငံ၊ IIIT-B တက္ကသိုလ်တွင် ၂၀၁၄ ခုနှစ်၊ မေလမှ အောက်တိုဘာလအထိလည်းကောင်း၊ ဒုတိယသင်တန်းကာလ (၃) လ ကို မန္တလေး ကွန်ပျူတာတက္ကသိုလ်တွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ်၊ မတ်လ အထိလည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် IIIT-B မှ တာဝန်ရှိသူများ၊ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဤသင်တန်းပြီးဆုံးအောင်မြင်စွာ ဆောင်ရွက် ပေးသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်း။
MIIT ၏ အစီအစဉ်တစ်ရပ်အဖြစ် ယခုကဲ့သို့သော ဒီပလိုမာဘွဲ့ရများ မွေးထုတ်ပေးနိုင် ခြင်းသည် မြန်မာ့ ICT နယ်ပယ်တွင် အရှိန်အဟုန်နှင့် ပြောင်းလဲတိုးတက်စေရေးအတွက် အထောက်အကူပြုလျက်ရှိပါကြောင်း၊ လက်ရှိနှင့် အနာဂတ်လူငယ်များကို ဉာဏ်ရည်မြင့်၍ သင်ယူမှု စွမ်းရည်မြင့်သော၊ ဆန်းသစ်တီထွင်သော၊ သုတေသနများကိုဆောင်ရွက်နိုင်သော ကျွမ်းကျင်ပညာရှင်များ အဖြစ် မွေးထုတ်ပေးလာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှ တစ်ဆင့် ကမ္ဘာတစ်ဝှမ်း၌ အသိဉာဏ်ပညာ ဖလှယ်ပေးနိုင်သည့် ရှေ့ဆောင်လမ်းပြ စွန့်ဦးတီထွင်နိုင်ငံသားများ ပေါ်ထွက် လာကြမည်ဖြစ်ပါကြောင်း။
ထို့အပြင် နည်းပညာအသစ်များ၊ အတွေးအခေါ်အသစ်များကိုအသုံးပြု၍ တီထွင်ဖန်တီးမှု အားကောင်းသော အရည်အချင်းပြည့်၀သည့် လူငယ်များကိုလည်း မြန်မာနိုင်ငံ၏ ICT Industries များမှ အမြဲလိုအပ်လျက်ရှိပါကြောင်း၊ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ယခုကဲ့သို့သော ဒီပလိုမာဘွဲ့ရ များအား Myanmar Institute of Information Technology, MIIT မှ ဆက်လက်မွေးထုတ် ပေးလာနိုင်မှာဖြစ်သည့်အတွက် ICT Industries အတွက်လည်း များစွာအကျိုး ရရှိမှာဖြစ်ပါကြောင်း။
ယခု သင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသားသင်တန်းသူများသည် ကွန်ပျူတာ အသုံးချ Software များကို ကျွမ်းကျင်စွာရေးသားနိုင်သည့် Software Engineer များအဖြစ် ရမှတ်ကောင်းများဖြင့် ရရှိအောင်မြင်ခဲ့သူများဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံရှိ ICT Industries များနှင့် စီပွားရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ရပ်တည်တည်သွားနိုင်မည်ဖြစ်ပါကြောင်း။
အဆိုပါ သင်တန်းဆင်းပွဲသို့ တက်ရောက်လာသည့် ICT ကုမ္ပဏီများဖြစ်သည့် MCC, MIT, ACE, Galaxy Software, iT STAR, Orient Mandalay, Information Matrix စသည့်တို့မှ တာဝန်ရှိသူများက သင်တန်းဆင်းသင်တန်းသားများအားလူတွေ့မေးမြန်း၍ မိမိတို့ ကုမ္ပဏီများတွင် အလုပ်ခန့်အပ် နိုင်ရေးအတွက် တစ်ပါတည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ MIIT Task Force ၏ ဥက္ကဌ Mr. S. Ramadorai နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးမှ အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အထူးဧည့်သည်တော်များမှ Software Development ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ PGDSD သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများကို ဘွဲ့လက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဒေါက်တာဝင်းလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ MIIT Task Force ၏ ဥက္ကဌ Mr. S. Ramadorai၊ Task Force ၏ အဖွဲ့ဝင် Mr. Vijay Raghavan၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Gautam Mukhopadhaya၊ အိန္ဒိယ နိုင်ငံဆိုင်ရာ Myanmar Institute of Information Technology, India Institute of Information Technology, Bangalore (IIIT-B) ၏ Director, Prof. S. Sadagopan၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ကောင်စစ်ဝင်၊ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ မန္တလေးမြို့ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ICT Industries များမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။IMG_6428



Bookmark the permalink.

Comments are closed.