အစိုးရနည်းပညာအထက်တန်းကျောင်း(ရှမ်းရွာကြီး) ဖွင့်ပွဲအခမ်းအနား


Date : 27 April, 2015

THS

၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၇) ရက် နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန လက်အောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ရှမ်းရွာကြီး) ဖွင့်ပွဲအခမ်းအနား ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပထမဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ရှမ်းရွာကြီး) ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော်ထွန်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပါသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ ကျောင်းဆိုင်းဘုတ် အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်အစိုးရအဖွဲ့သစ် စတင်တာ၀န် ယူခဲ့ပြီးနောက် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားတို့၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍစုံ၊ ဘက်ပေါင်းစုံတွင် Reform Strategy များ ချမှတ်လျက် ပြုပြင်ပြောင်းလဲမှုများအား နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံသားတိုင်း တစ်ဦးတစ်ယောက်ချင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် နည်းပညာနှင့်သက်မွေးပညာရေးသည် အရေးပါသော အခန်းကဏ္ဍမှ ပါ၀င်လျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအပါအ၀င် နိုင်ငံအားလုံး၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် နည်းပညာနှင့်သက်မွေး ပညာရေးကဏ္ဍ၏ အရေးပါမှုကို သိရှိနားလည်ပြီး နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကျွမ်းကျင်သည့် အတတ်ပညာရှင်များ၏ လေ့ကျင့်သင်ကြားပေးနိုင်မှုဖြစ်သော သက်မွေးပညာရေးကဏ္ဍအပေါ်တွင် အဓိကမူတည်လျက်ရှိပါကြောင်း။
နည်းပညာနှင့်သက်မွေးပညာဦးစီးဌာန လက်အောက်ရှိ အစိုးရနည်းပညာကောလိပ် (၃) ခု၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (၁၈) ခုနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (၃၆) ကျောင်း ဖွင့်လှစ်ထားရှိပြီး နောင်တွင်လည်း ဒေသလိုအပ်ချက်နှင့်အညီ ကာလတို၊ ကာလရှည်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။
နေပြည်တော်ကောင်စီနယ်မြေ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးမှ တိုင်းပြည်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် လေယာဉ်ကွင်းကြီးများ၊ အလုပ်ရုံ စက်ရုံများ၊ စက်မှုဇုန်များ၊ အသေးစား အလတ်စား စက်မှု လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ထိုစက်ရုံ အလုပ်ရုံ၊ စက်မှုဇုန်များ ပေါ်ပေါက်လာသည်နှင့်အမျှ ကျေးလက် နေပြည်သူအချို့သည် အလုပ်ရုံ စက်ရုံများ ရှိရာ မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ပြီး အလုပ်လုပ်ကြမည် ဖြစ်သည့်အတွက် လယ်ယာလုပ်သား ရှားပါးလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာလုပ်သားများနေရာတွင် စက်များဖြင့် ထွန်ယက် စိုက်ပျိုး၊ ရိတ်သိမ်းခြွေလှေ့ကြရမည် ဖြစ်သည့်အတွက် စက်မှုလယ်ယာစနစ်ကို မလွဲမသွေ ကူးပြောင်းကြရမည်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မည် ဖြစ်သည့်အတွက် လက်ရှိအခြေအနေတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သမားရိုးကျအတိုင်း စိုက်ပျိုး ထုတ်လုပ်ရာမှ စက်မှုလယ်ယာသို့ ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်မှသာ တောင်သူလယ်သမားများအတွက် ဝမ်းစာဖူလုံရုံသာမက ပိုလျှံပြီး ဝင်ငွေလည်း တိုးပွားလာမည် ဖြစ်ပါကြောင်း၊ ဤနေရာတွင် ထွန်စက်ကြီးများ၊ ကောက်စိုက်စက်များ၊ ကောက်ရိတ်စက်၊ ကွန်ဘိုင်းဟာဗက်စတာ၊ ခြွေလှေ့စက်၊ အခြောက်ခံစက်များ လိုအပ် လာမည်ဖြစ်ပါကြောင်း၊ လက်တွေ့စမ်းသပ်ချက်အရ စက်များဖြင့် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းရာတွင် လူဖြင့် ထွန်ယက် စိုက်ပျိုးရိတ်သိမ်းခြင်းထက် အချိန်များစွာ သက်သာပြီး ကုန်ကျစရိတ်နှင့် အလေအလွင့်များစွာ သက်သာသွားသည်ကို တွေ့ရှိရပါကြောင်း လမ်းညွှန်မှာကြားထားပါကြောင်း။
ယနေ့ ဖွင့်လှစ်သည့် အစိုးရနည်းပညာအထက်တန်းကျောင်း(ရှမ်းရွာကြီး)နှင့် အစိုးရ နည်းပညာအထက် တန်းကျောင်း(တောင်ငူ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (ကျိုက်လတ်)တို့တွင် လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းရေး သင်တန်းကို တစ်ပြိုင်နက်ဖွင့်လှစ်သွားမည်ဖြစ် ပါကြောင်း။ ဤအစိုးရနည်းပညာအထက်တန်းကျောင်း (ရှမ်းရွာကြီး) တွင် လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်း ရေးသင်တန်းအပြင် မော်တော်ဆိုင်ကယ ပြုပြင်ထိန်းသိမ်းရေးသင်တန်းနှင့် နေစွမ်းအင်အသုံးချ နည်းပညာသင်တန်း များကိုပါ တစ်ပြိုင်နက် ဖွင့်လှစ်သွားမှာဖြစ်ပါကြောင်း၊ သင်တန်းတစ်ခုလျှင် သင်တန်းသား (၃၀) ဦးစီတက်ရောက်နိုင်ရေး စီစဉ် ထားပါကြောင်း၊ သင်တန်းများကို တက်ရောက်ခြင်းအားဖြင့် မိမိတို့နေ့စဉ်ထိတွေ့ အသုံးပြုနေသော စက်ပစ္စည်းများအား သက်တမ်းပြည့် သုံးစွဲနိုင်ရန်အတွက် ထိန်းသိမ်းကိုင်တွယ်တတ်ခြင်း၊ စက်ပစ္စည်း အစိတ်အပိုင်းများအား အသစ်လဲလှယ် အစားထိုးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ဒေသခံပြည်သူများကိုယ်စား မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နည်းပညာရှင်များ၊ အတတ်ပညာရှင်များ၊ လူမှုရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ နည်းပညာသင်တန်းများ၏ သင်တန်းကာလ မှာ (၁) လ ကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.