နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 27 May, 2015

IMG_126

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနများနှင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် ဗဟိုချုပ်ကိုင်မှုလျော့ချ၍ Bottom-up စနစ်ဖြင့် လုပ်ကိုင်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် Autonomous University များ ဖြစ်လာသည့်အခါ ပါမောက္ခချုပ်များက နိုင်ငံတော်၏ မူဝါဒများနှင့် လမ်းညွှန်ချက်များကိုလိုက်နာပြီး မိမိဒေသနှင့် မိမိတက္ကသိုလ်များတွင် ပိုမိုတိုးတက် လာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
တက္ကသိုလ်များမှ လေ့ကျင့်သင်ကြားပေးလိုက်သော ကျောင်းသား၊ ကျောင်းသူများသည် ဘွဲ့ရရုံနှင့်မပြီးဘဲ လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်နိုင်ရန် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များသည် အမျိုးသားပညာရေးဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့်အခါတွင် တက္ကသိုလ်များ အဆင့်မြင့်မားတိုးတက်ရေးသည် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများတွင် တာဝန်အသီးသီးရှိကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒများ၊ Frame Work များနှင့် Development Plan များ ကို ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများကိုယ်တိုင် လေ့လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့တက္ကသိုလ် အဆင့်မြင့်မားရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသ ပညာတက္ကသိုလ်နှင့် သတင်းအချက်အလက်နည်းပညာသင်တန်းကျောင်းတို့သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို အဓိကထားမွေးထုတ်ပေးနေပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်နေပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ရန် ပညာရေးနယ်ပယ်ကဏ္ဍများတွင် မျက်ခြေမပြတ် အစဉ်လေ့လာကြိုးစား အားထုတ်ကြရန်နှင့် သုတေသနလုပ်ငန်းများကိုလည်း လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို စနစ်တကျ ပြည့်ပြည့်စုံစုံထားရှိကြရန်နှင့် တက္ကသိုလ်များအလိုက် Capacity ရှိရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး တက္ကသိုလ်များ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက်လျာထားချက်များ၊ စီမံရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍လည်း ဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန်ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေမှ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ သင်ကြားရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခချုပ်(တာဝန်)များနှင့် ကျောင်းအုပ်ကြီးများမှ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခချုပ်(တာဝန်)များ၊ ကျောင်းအုပ် ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.