အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 28 May, 2015

IMG_13

နိုင်ငံတော်တည်ဆောက်ရေးတွင် လိုအပ်သည့် ပညာရပ်နယ်ပယ်ပေါင်းစုံမှ နည်းပညာနှင့် သက်မွေးပညာကျွမ်းကျင်သူများကို နိုင်ငံတော်၏ လူသားအရင်းအမြစ် လိုအပ်ချက်နှင့် ကိုက်ညီစွာ မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှု လက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသားများ အမှန်တကယ်တတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးရန်လိုအပ်ပြီး သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို ပြန်လည်သုံးသပ်ပြင်ဆင် ကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့တွင် Polytechnic Center များ ဖွင့်လှစ်၍ ဒေသလိုအပ်ချက်နှင့်အညီ ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့်သက်မွေးပညာသင်တန်းများအား Demand Driven Approach ဖြင့် ဖွင့်လှစ် သင်ကြားပေးနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများမှတာဝန်ယူ ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း။
သက်ဆိုင်ရာကျောင်းများတွင် နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာ ပညာရေးကိစ္စရပ် များကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ဘာသာရပ်များကို သင်ယူနိုင်ခြင်းဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသားကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့ (National Skill Standard Authority – NSSA) မှ သတ်မှတ်ထားသည့် ကျွမ်းကျင်မှုအဆင့် များနှင့်အညီ Skill Level-1 နှင့် Skill Level-2 အဆင့်ရရှိရေးအတွက် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများကို G.T.I များ နှင့် G.T.H.S များတွင် Polytechnic Center များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးကြရမှာ ဖြစ်ကြောင်း၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (G.T.H.S) များတွင် Skill Level-3 နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ(G.T.I) ကျောင်းများတွင် Skill Level-4 အထိရောက်အောင် ကျွမ်းကျင်သူ များအဖြစ် လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန် လိုအပ် ပါကြောင်း၊ ဒေသမှလိုအပ်သည့် ဘာသာရပ်များအားလုံး သင်ကြားပေးနိုင်ရန် Polytechnic Center များ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သို့မှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆရာ၊ ဆရာမများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ နောင်တွင် Polytechnic School များ၊ Polytechnic Institute များ ဖွင့်လှစ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က နည်းပညာနှင့်သက်မွေး ပညာဆိုင်ရာဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့ပြီး နည်းပညာနှင့်သက်မွေးပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော အစိုးရနည်းပညာ ကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများမှ သင်ကြားရေး၊ စီမံရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.