စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) အား ယခုလာမည့် စက်တင်ဘာလအတွင်း ဖွင့်လှစ်မည်


Date : 1 June, 2015

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ စင်ကာပူနိုင်ငံခရီးစဉ်အတွင်း သဘောတူဆွေးနွေး ချက်များအရ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (Singapore Myanmar Vocational Training Institute – SMVTI)ကို ယခင် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ စက်မှုလက်မှုအထက်တန်းကျောင်းအမှတ် (၁) တွင် ဖွင့်လှစ်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ရာ ယခု လာမည့် စက်တင်ဘာလအတွင်း သင်တန်းများကို စတင်ဖွင့်လှစ် လာနိုင်မည်ဖြစ်ပါကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ သိရှိရပါသည်။
အဆိုပါ စက်မှုလက်မှုအထက်တန်းကျောင်းအား အကြီးစားပြင်ဆင်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ပြီးစီးလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ စင်ကာပူ-မြန်မာသက်မွေး ပညာသင်တန်းကျောင်း (SMVTI) အဆောက်အဦ အကြီးစားပြင်ဆင်ရာနေရာသို့ သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးတို့ ရောက်ရှိခဲ့ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ၊ သံအမတ်ကြီး၊ H. E. Mr. Robert Chua ၊ နည်းပညာ နှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းမော်ထွန်း၊ စင်ကာပူ-မြန်မာသက်မွေး ပညာသင်တန်းကျောင်း (SMVTI)၏ ဒုတိယကျောင်းအုပ်ကြီး၊ ဒေါက်တာမျိုးသီတာနှင့် လုပ်ငန်း ဆောင်ရွက်နေသော ဆောက်လုပ်ရေးကုမ္ပဏီများမှ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာဆောက်လုပ် ရေးကုမ္ပဏီများတို့မှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ လုပ်ငန်းလိုအပ်ချက်များအား ပြည်ထောင်စုဝန်ကြီးများမှ ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှုပြုခဲ့ကြ ပါသည်။
အဆိုပါ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း(SMVTI)တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာသင်တန်းများ (Hospitality and Tourism)၊ လျှပ်စစ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ (Electrical and Electronic)၊ ဝန်ဆောင်မှုဆိုင်ရာ စီမံ ခန့်ခွဲမှုသင်တန်းများ (Facility Management)၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ (Engineering Services) စသည့် သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးမည်ဟု သိရှိရပါကြောင်း၊ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI)အား စင်ကာပူနိုင်ငံ ITE ကျောင်း၏ သင်ရိုးများနှင့်အညီ သင်ကြားပေးသွားမည် ဖြစ်ပြီး စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI)တွင် ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာသင်တန်းများနှင့် အင်ဂျင်နီယာသင်တန်းများအား စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.