မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 2 June, 2015

p2

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် မြိတ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(မြိတ်)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ နိုင်ငံတော်တွင် လက်တွေ့ကျ သော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး ပညာရေးပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်ရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် Quality Drive ကို ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲရေးကို အဆင့်အလိုက် ပြောင်းလဲရမည် ဖြစ်ပြီး တက္ကသိုလ်များကို Autonomous University များဖြစ်ရန် ဆောင်ရွက်နေသည့် ကာလ ဖြစ်ပါကြောင်း၊ သင်ကြားမှု၊ သင်ယူမှုများတွင် အင်တာနက်နှင့် IT နည်းပညာများကို ထိရောက်စွာ အသုံးချပြီး နိုင်ငံတကာတက္ကသိုလ်များ၊ သုတေသနဌာနများမှ တွေ့ရှိချက်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်ပါကြောင်း၊ လက်တွေ့ခန်းများ ပြည့်စုံစွာရှိလာစေရေးအတွက် လိုအပ်သည့်ပစ္စည်းများ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင်လည်း ဆက်လက် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း၊ ဆရာ၊ ဆရာမများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် အကြံဉာဏ်ကောင်းများ၊ အတွေးအခေါ်ကောင်းများကို ရယူပြီး မိမိတို့ကျောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ်ကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရည်မှန်းချက်ထား ကြိုးစားမှပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိမည်ဖြစ်သဖြင့် သင်ကြားမှု၊ သင်ယူမှုများကို အားရုံစူးစိုက်ပြီး ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ အချိန်ပေး၍ အမှန်တကယ် တတ်မြောက်အောင် လေ့လာသင်ယူကြရန်နှင့် တင်ပြလိုသည့် အချက်များရှိပါက တင်ပြကြရန်ပြောကြားခဲ့ပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ စက်ပစ္စည်းများနှင့် အလုပ်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း(မြိတ်)နှင့် နည်းပညာတက္ကသိုလ်(မြိတ်)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

p4



Bookmark the permalink.

Comments are closed.