တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများသို့ ကြည့်ရှုစစ်ဆေးခြင်း


Date : 3 June, 2015

p5

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ချောင်းဦးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နှင့် ကျောက်ပန်းတောင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရေနံချောင်းမြို့၊ ချောက်မြို့နှင့် မကွေးမြို့များရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရ နည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူ များအား အရည်အချင်းပြည့်ဝမှုရှိစေရေး၊ စာတွေ့၊ လက်တွေ့များကို လေ့ကျင့်သင်ကြားပေးကြရန် လိုအပ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကလည်း ကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်တွင် လက်တွေ့ကျသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့ကို ဆောင်ရွက် လျက်ရှိရာ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အနေဖြင့် Quality Drive ကို ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများနှင့် စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး ဆောင်ရွက်ကြရမှာဖြစ်ပြီး IT နည်းပညာကို အကျိုးရှိရှိ အသုံးချ၍ သင်ကြားပို့ချပေးကြရန် လိုအပ်ပါကြောင်း။
တက္ကသိုလ်များအနေဖြင့် အသွင်ကူးပြောင်းရေးကာလအတွင်း Autonomous University တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ဘာသာရပ်များ သင်ယူနိုင်မှု အခွင့်အလမ်းများ ရရှိစေရန်အတွက် အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများတွင် Polytechnic Center များကို ဒေသနှင့်ကိုက်ညီသော သင်တန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

p3



Bookmark the permalink.

Comments are closed.