တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 8 June, 2015

IMG_0413

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ရန် ပညာရေးနယ်ပယ်ကဏ္ဍ အသီးသီးတွင် မျက်ခြေမပြတ် အစဉ်လေ့လာ ကြိုးစားအားထုတ်ကြရန်နှင့် သင်ကြားမှု၊ သင်ယူမှုများတွင် သတင်း အချက်အလက်နည်းပညာနှင့် Internet ကို ထိရောက်စွာ အသုံးချပြီး နိုင်ငံတကာတက္ကသိုလ်များ၊ သုတေသနဌာနများမှ တွေ့ရှိချက်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် လိုအပ်ပါ ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ဘာသာရပ်များနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ကြရန်နှင့် သုတေသနစာတမ်းများ ပြုစုရေးသားခြင်းများ လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့ဘာသာရပ်အလိုက် ကျွမ်းကျင်မှုပိုမိုရရှိလာမည် ဖြစ်ပါကြောင်း။

            ကျောင်းသား၊ ကျောင်းသူများအား သင်ကြားမှု၊ သင်ယူမှုများတွင် လုပ်ငန်းခွင်၌ လက်တွေ့ အသုံးချနိုင်သော သုတေသနလုပ်ငန်းများနှင့် Project များကို ပိုင်နိုင်စွာလုပ်ကိုင်နိုင်အောင် သင်ကြားပြသပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာ ပညာရှင်များ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး ဆောင်ရွက်ကြ ရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်များကို Autonomous University များဖြစ်ရန် ဆောင်ရွက်နေသည့် ကာလဖြစ်သဖြင့် အသွင်ကူးပြောင်းရေး ကာလအတွင်း Autonomous University အဖြစ် ရပ်တည်နိုင်ရန် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျဖွဲ့စည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာ ခန်းများ၊ စက်ပစ္စည်းများနှင့် အလုပ်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(တောင်ငူ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

IMG_0638



Bookmark the permalink.

Comments are closed.