တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 10 June, 2015

P1850

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)သို့ ရောက်ရှိပြီး နည်းပညာတက္ကသိုလ်(တောင်ကြီး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး)ရှိ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များအနေဖြင့် Autonomous University အဖြစ် လွတ်လပ်စွာရပ်တည်နိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ အားလုံးက ကြိုတင်ပြင်ဆင်ကြရန်နှင့် အတူတကွပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ပညာရေးစနစ်သည် Quality Education ကို ဦးတည်သွားနေသည်ဖြစ်၍ ပညာရည် မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ ကြိုးစားမှုသည်လည်း အလွန်အရေးပါပြီး တက္ကသိုလ်တစ်ခု ၏ အရည်အသွေး အသိအမှတ်ပြုမှုနှင့် အရည်အသွေး အာမခံချက်များရှိရန်လည်း လိုအပ်ပါကြောင်း၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်း နိုင်ရန် ပညာရေးနယ်ပယ်ကဏ္ဍ အသီးသီးတွင် မျက်ခြေမပြတ် အစဉ်လေ့လာ ကြိုးစားအားထုတ်ကြ ရန်နှင့် သုတေသနလုပ်ငန်းများကိုလည်း အောင်မြင်အောင်ကြိုးစားလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း။
သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် စာသင်ခန်း များ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို စနစ်တကျ ပြည့်ပြည့်စုံစုံ ဖွဲ့စည်းထားရှိကြရန် လိုအပ်ပါ ကြောင်း၊ အသွင်ကူးပြောင်းရေးကာလအတွင်း တက္ကသိုလ်များ၏ စီမံရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းမှာလည်း တက္ကသိုလ်နှင့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် ပေးရန်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို တင်ပြကြရန်ပြောကြားခဲ့ပါသည်။
ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများလည်း လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းတင်ပြရာ ဖြည့်ဆည်းပေးရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးပြောကြားသွားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခြင်း၊ တက္ကသိုလ်နှင့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကိစ္စရပ်များအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.