၂၀၁၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးသားပေါက်စိုက်ထည့်ပွဲ အခမ်းအနားကျင်းပ


Date : 26 June, 2015

IMG_185

၂၀၁၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးသားပေါက်စိုက်ထည့်ပွဲ အခမ်းအနား ကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံးရှေ့ ဥပစာ မြက်ခင်းပြင်စိုက်ခင်း၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ တာဝန်ရှိသူများအား သစ်ပင်များပေးအပ်ပြီး ၂၀၁၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဘရွှေနှင့် ဒေါက်တာ အောင်ကျော်မြတ်တို့က ခရေပင်များကိုအသီးသီးစိုက်ပျိုးပေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း သတ်မှတ်နေရာများ၌ ကံ့ကော်ပင်နှင့် ခရေပင်များကို စိုက်ပျိုးပေးကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဝန်ကြီးရုံးအရှေ့ဘက် ရေကန်အမှတ် (၄) အတွင်းသို့ ငါးမျိုးသားပေါက်များ စိုက်ထည့်ပေးပြီး ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများကလည်း ငါးမျိုးသားပေါက်များကို စိုက်ထည့်ပေးကြပါသည်။
ယနေ့ ကျင်းပသော သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ၂၀၁၅ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ကံ့ကော်ပင်နှင့် ခရေပင် စုစုပေါင်းအပင် (၂၀၀) အား စိုက်ပျိုးပေးပြီး ငါးမျိုးစုံ သားပေါက် (၂၀၀၀) ကို မျိုးစိုက်ထည့်ပေးခဲ့ကြပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးခဲ့ရာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အထိ အရိပ်ရလေကာပင်နှင့် နှစ်ရှည် သီးပင်စားပင် စုစုပေါင်းအပင် (၂၇၇၂၄) ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

IMG_184



Bookmark the permalink.

Comments are closed.