လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းရေးသင်တန်း သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား


Date : 5 June, 2015

IMG_0471

နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ရာ၌ အသက်မွေးဝမ်းကျောင်း ပညာရပ်အသီးသီးသည် အရေးပါသည့်အတွက် ပညာရပ်ကျွမ်းကျင်မှုများကို လေ့ကျင့်မွေးထုတ်ပေးရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံသားတိုင်း အလုပ်အကိုင်ရရှိရန်နှင့် တစ်ဦးချင်းဝင်ငွေ တိုးတက် စေရန်တို့ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)ရှိ ဘက်စုံပညာသင်တန်းကျောင်း (Polytechnic Center) တွင် ဖွင့်လှစ်ထားရှိသော လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းရေးသင်တန်း၏ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ ၅ ရက်နေ့၊ နေ့လည် ၂ နာရီခွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)၊ ဘက်စုံပညာသင်တန်းကျောင်း (Polytechnic Center)၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ တက်ရောက်အမှာစကား ပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ ပြုပြင် ထိန်းသိမ်းရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ယနေ့တွင် စမ်းသပ်ဖွင့်လှစ် ခဲ့သည့် ဘက်စုံသက်မွေးပညာသင်ကျောင်း (၄) ကျောင်းတွင် သင်တန်းများပြီးမြောက်၍ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ရေးအခမ်းအနားများ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုလအတွင်းတွင် လက်ရှိ ကျောင်း (၄) ကျောင်းနှင့် နောက်ထပ် ထပ်မံတိုးချဲ့ ဖွင့်လှစ်မည့်ကျောင်း (၁၇) ကျောင်း စုစုပေါင်း ဘက်စုံသက်မွေးပညာသင်ကျောင်း (၂၁) ကျောင်းတွင် လယ်ယာသုံးစက်ပစ္စည်းကိရိယာ ပြုပြင် ထိန်းသိမ်းရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယခုနှစ် မေလ (၂၁) ရက်နေ့မှ စတင်၍ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဘက်စုံသက်မွေး ပညာသင်တန်းများဖွင့်လှစ်ပြီး သက်ဆိုင်ရာဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်ပေးရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
သက်ဆိုင်ရာ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသားများသည်လည်း ယခု ဖွင့်လှစ်သင်ကြားပေးမည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာ ပြုပြင်ထိန်းသိမ်းရေးသင်တန်းများ တက်ရောက်ခွင့်ရမည်ဖြစ်၍ ဘက်စုံသက်မွေးပညာသင်တန်းများသာမက အစိုးရနည်းပညာအထက်တန်း ကျောင်းသားများပါ သက်ဆိုင်ရာဘာသာရပ်များတွင် ကျွမ်းကျင်စွာတတ်မြောက်လာမည် ဖြစ်ပါကြောင်း၊ ဘက်စုံသက်မွေးပညာသင်တန်းသားများသည် ကျွမ်းကျင်မှုအဆင့် (၁) နှင့် (၂)၊ အစိုးရနည်းပညာ အထက်တန်းကျောင်းသားများသည် ကျွမ်းကျင်မှုအဆင့် (၃) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသား များသည် ကျွမ်းကျင်မှုအဆင့် (၄) လက်မှတ်များ ရရှိနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သူများ ရရှိလာစေရေးနှင့် သက်မွေးပညာကဏ္ဍ သည် များစွာတိုးချဲ့ရန် လိုအပ်လျက်ရှိသဖြင့် လိုအပ်သည့် ဆရာ၊ ဆရာမများ ရရှိစေရေးအတွက် အစိုးရ စက်မှုလက်မှုသိပ္ပံများတွင် ကျွမ်းကျင်သူ သီးသန့်သင်တန်းများအား (၂၀၁၃-၂၀၁၄) ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ထိ (၁၉) ကျောင်းထိ ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ လာမည့် စာသင်နှစ်များအတွင်း နောက်ထပ် (၁၁) ကျောင်းဖွင့်လှစ်၍ တစ်နှစ်လျှင် သင်တန်းသား (၆၀၀၀) လက်ခံသင်ကြားရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘက်စုံသက်မွေးပညာသင်တန်း (Polytechnic Center) ဟုခေါ်ဆိုရခြင်းမှာ စက်မှုဘာသာရပ်များသာမက ဒေသမှလိုအပ်သည့် စိုက်ပျိုးမွေးမြူရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး စသည့်ဘာသာရပ်များပါ ဒေသလိုအပ်ချက်နှင့်အညီ သင်ကြားပေးနိုင်ရန် ဖြစ်ပါကြောင်း၊ Polytechnic School များ၊ Polytechnic Institute များလည်း ဒေသလိုအပ်ချက်ရှိပါက ဖွင့်လှစ်ရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ယခုအခါ ဒေသများတွင် အမှန်တစ်ကယ်အသုံးပြုနေသော လက်တွန်း လယ်ထွန်စက်၊ လယ်ထွန်စက်၊ စပါးရိတ်စက်၊ ချွေလှေ့စက်၊ ထော်လာဂျီ၊ တစ်လုံးထိုးအင်ဂျင်၊ ရေစုပ်စက်စသော လယ်ယာသုံးစက်ကိရိယာများ ပြုပြင်ထိန်းသိမ်းရေးသင်တန်း၏ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်းကို အစိုးရနည်းပညာအထက်တန်းကျောင်း(ရှမ်းရွာကြီး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုက်လတ်) တို့တွင်လည်း ဒီကနေ့မှာ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့လုပ်ငန်းခွင် များတွင် ဆောင်ရွက်သည့်အခါ အခက်အခဲများရှိပါက မိမိတို့ဒေသရှိကျောင်းများနှင့် ချိတ်ဆက်ပြီး ပြန်လည်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ)၊ ကျောင်းအုပ်ကြီးမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ် ချီးမြှင့်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းရေးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၈) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ (၂၇) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် ဇွန်လ (၁၅) ရက်နေ့မှ စတင်၍ အစိုးရ နည်းပညာအထက်တန်းကျောင်း(တောင်ငူ)ရှိ ဘက်စုံပညာသင်တန်းကျောင်းတွင် လယ်ယာသုံးစက် ကိရိယာ ပြုပြင်ထိန်းသိမ်းရေးသင်တန်း၊ အိမ်တွင်းလျှပ်စစ်ဆက်သွယ်ရေးသင်တန်း၊ ဂဟေဆက် သင်တန်းနှင့် တွင်ခုံသင်တန်း (၄) မျိုးအား ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်၍ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် (GTC)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(GTI)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)များတွင် ဘက်စုံသက်မွေးပညာသင်ဌာနများ ဖွင့်လှစ်ရန် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များအား နည်းပညာနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းမော်ထွန်းမှ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းခြင်း၊ ဒေသလိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ခဲ့ကြ ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
IMG_0555



Bookmark the permalink.

Comments are closed.