နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် သုတေနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး


Date : 1 July, 2015

IMG_21

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် သုတေနလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်၊ ဝန်ကြီးဌာနအသီးသီး မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူ များ၊ သုတေသီများနှင့် ပညာရှင်များတက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဆွေးနွေး ပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား တိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအလိုက် သုတေသနပြုသည့် လုပ်ငန်းများသည်များစွာ အရေးပါသဖြင့် အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ အားပေးမြှင့်တင်ဆောင်ရွက်ရာ၌ အမျိုးသားသုတေသနမူဝါဒ၊ စီမံကိန်း လုပ်ငန်းစဉ်များအား နိုင်ငံအတွက် လိုအပ်ချက်၊ လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက် များအပေါ် ဦးစားပေးလုပ်ငန်းရွေးချယ်လျာထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အစိုးရစတင်တာဝန်ယူစဉ်ကတည်းက ပြည်ထောင်စုဝန်ကြီးဌာန အသီးသီး၏ လုပ်ငန်းကဏ္ဍအသီးသီးတွင် လိုအပ်သည့် စူးစမ်းလေ့လာသုတေသန ပြုမှုများကို ဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ နည်းပညာကျွမ်းကျင်သူ အကူအညီဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး သုတေသနပြုမှု၊ နည်းပညာလေ့လာသုံးသပ်မှုများ လက်တွဲ ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ မိမိတို့ အစီအစဉ်ဖြင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ တက္ကသိုလ်များ အပါအဝင် သုတေသနလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားကြရန် လိုအပ်သည့်အတွက် အစိုးရ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များ အပါအဝင် ပူးပေါင်းဆောင်ရွက် သွားကြရန် ပြောကြားပါသည်။

               ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိရာ သိပ္ပံနှင့်နည်းပညာ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

               သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ၏ စွမ်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေအား ရေးဆွဲလျက်ရှိရာ၊ ယခုဆိုလျှင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက် နိုင်ငံတော်သမ္မရုံး၏ လမ်းညွှန်ချက်များနှင့် အညီ ပြင်ဆင်ပြီးဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့၊ လုံခြုံရေးတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ မကြာမီ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့နိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးပါက သိပ္ပံ၊ နည်းပညာ နှင့်ဆန်းသစ်တီထွင်မှုကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာမှာ ဖြစ်ပါကြောင်း၊ ကောင်စီ၏ အဓိက လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာကော်မတီ များကို ဘာသာရပ်နယ်ပယ်များ အလိုက် သုတေသနဌာနများ၊ တက္ကသိုလ်များ၊ စက်မှုကုန်ထုတ် လုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက် သွားမှာဖြစ်ပါကြောင်း။

               သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း သုတေသနလုပ်ငန်း များနှင့် အခြားသိပ္ပံနှင့်နည်းပညာဆိုင်ရာ လုပ်ငန်းများအား အဓိကအလေးထား လုပ်ကိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၏ သိပ္ပံ၊ နည်းပညာနှင့်လုပ်ငန်း များ၏ ရှေ့ဆောင်ရှေ့ရွက်ပြုမည့် Focal Ministry အဖြစ် တာဝန်ခံလျက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Government Institution တစ်ခုကို ဖွဲ့စည်းရန် လိုအပ်မှာဖြစ်ပြီး ဖွဲ့စည်းပြီးပါက သုတေသနဆိုင်ရာ မူဝါဒများကို စနစ်တကျချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ လက်ရှိဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သုတေသနဆောင်ရွက်နေသော သက်ဆိုင်ရာ ဦးစီးဌာနများ၊ အခြားဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များဖြစ်ကြသော စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊‌ ဆေးသုတေသနဦးစီးဌာန၊ တက္ကသိုလ်များ သိပ္ပံသုတေသနဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ ဓာတုနည်းပညာဗဟိုဌာနနှင့် သုတေသနဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြရာ တက်ရောက်လာကြသူများနှင့် ပြည်ထောင်စုဝန်ကြီးတို့မှ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.