နည်းပညာတက္ကသိုလ်(စစ်ကိုင်း) (ပင်မ) (၃) ထပ် ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေး


Date : 13 July, 2015

????????????????????????????????????

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း) (ပင်မ) (၃) ထပ် ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သိပ္ပံနှင့်နည်းပညာ၀န်ကြီး ဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ဇူလိုင်လ (၁၂) ရက်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် နည်းပညာတက္ကသိုလ်(စစ်ကိုင်း) (ပင်မ) (၃) ထပ် ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ စီမံကိန်းရှင်းလင်းဆောင်၌ နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာ၀န်ရှိသူများက နည်းပညာတက္ကသိုလ် (စစ်ကိုင်း) (ပင်မ) (၃) ထပ် ကျောင်းဆောင်သစ် တည်ဆောက်နေမှု အခြေအနေများနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှုပေးပြီး ဆောက်လုပ်ရေးလုပ်ငန်း ခွင်ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

               ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးက နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိရာတွင် အဆင့်မြင့်တက္ကသိုလ်များ ပေါ်ထွန်းလာစေရေးအတွက် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်၏ ဘဏ္ဍာငွေမှ ကျခံသုံးစွဲ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များအနေဖြင့် Autonomous University အဖြစ် လွတ်လပ်စွာရပ်တည်နိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ အားလုံးက ကြိုတင်ပြင်ဆင်ကြရန်နှင့် အတူတကွပူးပေါင်း ကြိုးစားဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကို စနစ်တကျ ပြည့်ပြည့်စုံစုံ ဖွဲ့စည်းထားရှိကြရန် လိုအပ်ပါကြောင်း။

               ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့များ ထိထိရောက်ရောက်သင်ကြား ပေးကြရန်နှင့် လိုအပ်သော လက်တွေ့ခန်းသုံးပစ္စည်းများ ဝယ်ယူရာတွင်လည်း ကျောင်းသားများအတွက် အကျိုးရှိထိရောက်စွာ လေ့ကျင့်သင်ကြားပေးနိုင်သည့် ပစ္စည်းများဖြစ်ရန် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်အလိုက် ထပ်မံလိုအပ်သော အဆောက်အဦများနှင့် လက်တွေ့ခန်းသုံး စက်ပစ္စည်းများကို လည်း ဘဏ္ဍာနှစ်အလိုက် ၀ယ်ယူဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရှိကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

               ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် နည်းပညာတက္ကသိုလ်(မုံရွာ)သို့ ရောက်ရှိခဲ့ပြီး နည်းပညာတက္ကသိုလ်(မုံရွာ) (ပင်မ) (၃) ထပ် ကျောင်းဆောင် တိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကာ ပါမောက္ခချုပ်၊ သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာ၀န်ရှိသူများနှင့် တိုးချဲ့ကျောင်းဆောင် တည်ဆောက် ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)သို့ ရောက်ရှိခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သုတေသနခန်းများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DSC_0497_1



Bookmark the permalink.

Comments are closed.