ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့၊ IP Office Business Solutions Division ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Willam Meredith နှင့်အဖွဲ့အားတွေ့ဆုံ


Date : 24 July, 2015

DSC_0023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ကမ္ဘာ့အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization – WIPO)မှ IP Office Business Solutions Division (IPOBSD) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Willam Meredith နှင့်အဖွဲ့အား နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ဥပဒေများကို လွှတ်တော်တွင် တင်ပြနိုင်ရေးဆွေးနွေးလျက်ရှိပြီး မကြာခင် ပြဋ္ဌာန်းမည်ဖြစ်သည့်အတွက် အဆိုပါဥပဒေများကို စီမံခန့်ခွဲရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံး တည်ထောင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါရုံးတွင် စီမံဆောင်ရွက်နိုင်မည့် အရည်အသွေး ရှိသော ဝန်ထမ်းများ ရရှိနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ စီမံ ဆောင်ရွက်နေသော အစီအစဉ်များကို IP Section မှ တာဝန်ရှိသူများနှင့် ဆွေးနွေးသိရှိရ ပါကြောင်း။

            WIPO Mission အနေဖြင့် အဆိုပါ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးတွင် သတင်းအချက် အလက်နည်းပညာ (Information Technology – IT) နည်းပညာကို အသုံးပြု၍ Automation စနစ် အသုံးပြုနိုင်ရေးကို လိုအပ်သော အကူအညီများ ပံ့ပိုး ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် (Intellectual Property – IP) ကို နည်းပညာဖွံ့ဖြိုးတိုးတက်သောကာလတွင် စတင်အကောင်အထည်ဖော်ခြင်းဖြစ်သောကြောင့် Paper ဖြင့် လျှောက်ထားခြင်းမျိုး မဟုတ်ဘဲ On Line လျှောက်ထားခြင်းမျိုးဖြင့် စတင်နိုင်သည့် အခွင့်ကောင်းရှိပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးနိုင်ခဲ့ပြီး သိရှိလိုသည့် အချက်အလက်များကိုလည်း မေးမြန်းနိုင်ခဲ့ပါကြောင်း နှင့် ရလဒ်များအရ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးအတွက် ဆောင်ရွက်ရန် လိုအပ်မည့် IT ဆိုင်ရာ ပစ္စည်းကိရိယာများ ခန့်မှန်းတွက်ချက်နိုင်ရေးကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လိုအပ်သော နည်းပညာနှင့် Software ပိုင်းကို WIPO မှ ကူညီပေးမည် ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အနာဂတ်တွင် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ရုံး ထူထောင်မည့်နေရာကို သတ်မှတ်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ IT စနစ် အသုံးပြုနိုင်ရေးကို အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံး မဖွင့်မီ ကြိုတင်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး စက်မှုပစ္စည်းမူပိုင်ခွင့်များအား အလိုအလျောက် အချက်အလက်ထည့်သွင်းခြင်း စနစ်(Industrial Property Automation System – IPAS)ကို အသုံးပြု၍ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံး လုပ်ငန်းများဆောင်ရွက်ခြင်းကို စမ်းသပ်လုပ်ဆောင်နိုင် မည်ဖြစ်ပါကြောင်း၊ IPAS စနစ်ဖြင့် စစ်ဆေးခြင်း၊ အချက်အလက်ထည့်သွင်းခြင်း စသည်များကို ဆောင်ရွက်ရန် သင်တန်းပေးခြင်းကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ IP Office Business Solutions Division (IPOBSD) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Willam Meredith မှ ဆွေးနွေးခဲ့ပါသည်။

            ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် IP စနစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည်ကို သိရှိပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးကို တည်ထောင်ရာတွင် ဆက်သွယ်ရေးနည်းစနစ် ကောင်းမွန်သော နေပြည်တော်တွင် ဌာနချုပ်ကို ထားရှိမည်ဖြစ်ပါကြောင်းနှင့် ရန်ကုန်တွင်လည်း ရုံးခွဲထားရှိ၍ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ IP စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် WIPO မှ ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

            အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ WIPO အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.