သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲ


Date : 30 July, 2015

DSC_0053

သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတက်ရေးကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် သုတေသန လုပ်ငန်းများကို ဝန်ကြီးဌာနအသီးသီးတွင် ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ နိုင်ငံတော် သမ္မတကြီးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ သုတေသနလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရပ်စုံ၊ ကဏ္ဍစုံမှ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးရန် ဖိုရမ်တစ်ခုကျင်းပရန် လိုအပ်လျက်ရှိပါကြောင်း၊ ယခုအစည်း အဝေးတွင် သုတေသနလုပ်ငန်းများအလိုက် ပါဝင်ဆောင်ရွက်မည့် ဌာနများနှင့် ကျွမ်းကျင်ပညာရှင်များ အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း၊ အမျိုးသားသုတေသန မူဝါဒချမှတ်ဆောင်ရွက်မည့် အဖွဲ့အစည်းနှင့် မူဝါဒများရှိမှသာ သုတေသနဌာနချင်း ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်အောင် အဆင့်မြှင့်တင်ဆောင်ရွက် သွားနိုင်မှာဖြစ်ကြောင်း။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် သစ်တော သိပ္ပံကဏ္ဍ၊ ဆေးသိပ္ပံကဏ္ဍ၊ အင်ဂျင်နီယာနှင့် သိပ္ပံကဏ္ဍ၊ လူမှုသိပ္ပံကဏ္ဍ၊ လူ့ယဉ်ကျေးမှုကဏ္ဍစသည့် ဘာသာရပ်ကဏ္ဍ (၅) ခုနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ လေကြောင်းနှင့် အာကာသကဏ္ဍ၊ အဏုမြူစွမ်းအင်ကဏ္ဍနှင့် ဇီဝနည်းပညာကဏ္ဍ စသည့်ကဏ္ဍ (၆) ခု စုစုပေါင်း ကဏ္ဍ (၁၁) ခုအတွက် အဖွဲ့များဖွဲ့စည်း၍ ဆွေးနွေးရန်လျာထားပါကြောင်း။
ယခုလျာထားသည့် သုတေသနနယ်ပယ်များနှင့် ပတ်သက်၍ ထပ်မံတိုးချဲ့ လိုသော၊ ပြုပြင်ပြောင်းလဲလိုသော၊ မလိုအပ်၍ ပယ်ဖျက်လိုသော အချက်များအား အကြံပေးဆွေးနွေး ကြစေလိုပါကြောင်း၊ အမျိုးသားအဆင့် သုတေသနနှင့် ဖွံ့ဖြိုးရေးဖိုရမ်ကို ကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါ ကြောင်း၊ ဖိုရမ်မှရရှိသော ဖော်ထုတ်ရရှိချက်များကို ပြည်ထောင်စုအစိုးရအဖွဲသို့ တင်ပြ၍ သုတေသနလုပ်ငန်းများအား အကျိုးရှိထိရောက် အောင်မြင်စွာ လုပ်ဆောင် နိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်များက လက်ရှိဆောင်ရွက်လျက် ရှိသော သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တက်ရောက်လာကြသူများနှင့် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DSC_0053



Bookmark the permalink.

Comments are closed.